DVB Logo
Home
ဆောင်းပါး
ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
DVB
·
September 12, 2026
Photo: AI Generated Image 
Photo: AI Generated Image 
Donate to DVB

“ညှဉ်းပန်းနှိပ်စက်ပြီး ပစ်သတ်ခံခဲ့ရတယ်”- ၂၀၂၄ ခုနှစ်အတွင်း မြန်မာစစ်တပ်က အမျိုးသား  ၇၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအကြောင်း အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ ဆင်ခြေဖုံးမှာ ဗျိုင်းဖြူဆိုတဲ့ ရွာလေးတရွာ ရှိပါတယ်။ အဲဒီရွာဟာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေ အများစုနေထိုင်တဲ့ ရွာလေးပါ။ အဲဒီရွာထဲကို လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သားတွေအပြည့်တင်လာတဲ့ စစ်ကား ၆ စီး ဖြည်းဖြည်းချင်း ဝင်ရောက်လာပါတယ်။

သူတို့ ရောက်လာတဲ့ အချိန်က မနက် ၈ နာရီ ဖြစ်နေတဲ့အတွက် ထူးဆန်းနေပါတယ်။ ပုံမှန်အားဖြင့်တော့ စစ်သားတွေဟာ နေ့လယ်ပိုင်း၊ ညနေပိုင်း ဒါမှမဟုတ် ညဘက်တွေမှာပဲ ရွာကို ကင်းလှည့်လေ့၊ ဝင်ရောက်စီးနင်းလေ့ ရှိတာပါ။

စစ်သား အင်အား ၂၀၀ လောက်ဟာ ရွာလယ်ခေါင်မှာ ကားပေါ်ကနေ ဆင်းလာကြပါတယ်။ ပြီးတော့ အဖွဲ့နှစ်ဖွဲ့ တန်းတူခွဲလိုက်ပါတယ်။ အဲဒီနောက် ရွာကို ဖြတ်သွားတဲ့ လမ်းမကြီးအတိုင်း မျက်နှာချင်းဆိုင် အရပ်ဆီကို စတင်လမ်းလျှောက်သွားကြပါတယ်။ သူတို့ရဲ့ တာဝန်က လူဦးရေ ၂,၀၀၀ လောက်ရှိတဲ့ ရွာကို ဝိုင်းထားဖို့နဲ့ ဘယ်သူမှ ထွက်မပြေးနိုင်အောင် ပိတ်ဆို့ထားဖို့ပါပဲ။ လူငယ်အရာရှိတယောက် ဦးဆောင်တဲ့ နောက်ထပ် စစ်သား ဆယ်ဂဏန်းလောက် ပါတဲ့ တတိယအဖွဲ့ကတော့ ရွာသားတွေအားလုံး ရွာလယ်ခေါင်ကို ချက်ချင်း လာစုကြဖို့ အသံချဲ့စက်နဲ့ အော်ဟစ် ကြေညာခဲ့ပါတယ်။

ဗျိုင်းဖြူရွာနဲ့ တခြား အနီးအနားရွာတွေမှာ စစ်ကားတွေ ဝင်ထွက်သွားလာနေတာကတော့ ဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ညသန်းခေါင်ယံ အချိန်တွေမှာ အိမ်တံခါးတွေ လာခေါက်တာမျိုးကလည်း မကြာခဏ ရှိတတ်ပါတယ်။ ရွာသားတွေဟာ စစ်တပ်က လူတွေကို ရိုက်နှက်တာတွေ၊ နိုင်ငံတော် ပုန်ကန်မှုဆိုပြီး မသင်္ကာရုံနဲ့တင် ထောင်ထဲ ဆွဲခေါ်သွားတာတွေကို ရင်းနှီးနေပြီးသားပါ။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်ကနေ ၃၁ ရက်အတွင်း ဗျိုင်းဖြူရွာမှာ ဖြစ်ပျက်ခဲ့တာတွေကတော့ လုံးဝကို မထင်မှတ်ထားတဲ့ ကိစ္စတွေပါပဲ။ အဲဒီကာလအတွင်းမှာ ရွာသား အနည်းဆုံး ၇၀ လောက်ဟာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်က ရွာသားတွေရဲ့ ဘဝကို ထာဝရ ပြောင်းလဲသွားစေခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အသက်ရှင် ကျန်ရစ်သူ ၅ ယောက်နဲ့ The Diplomat သတင်းဌာနတို့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ထဲမှာ အမျိုးသမီး ၃ ယောက် ပါဝင်ပါတယ်။ သူတို့ဟာ လက်ရှိ ခိုလှုံနေတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြခဲ့ကြပါတယ်။

သွေးချောင်းစီးမှု ဘယ်လိုစတင်ခဲ့သလဲ

၂၀၂၄ ခုနှစ် မေ ၂၉ ရက် မနက် ၉ နာရီမှာ စစ်တပ်က ဗျိုင်းဖြူရွာကို ဝိုင်းထားလိုက်ပါပြီ။ ရွာသားတွေကို လမ်းနှစ်ခုဆုံတဲ့ ရွာလယ်ခေါင်မှာ စုဝေးဖို့ အမိန့်ပေးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ ဖျားနာနေသူ ဆယ်ဂဏန်းလောက်ကို စစ်သားတွေက သေနတ်နဲ့ချိန်ပြီး အိမ်ထဲကနေ ဆွဲထုတ်လာပါတယ်။ စက်ဘီးစီးလာသူတွေ၊ စစ်တွေကို သွားမဲ့ နေ့စားအလုပ်သမားတွေကိုလည်း တားဆီးပြီး ရွာထဲကို အတင်းအကျပ် ပြန်လှည့်ခိုင်းပါတယ်။ သူတို့ထဲမှာ ပန်းချီကားတွေသွားရောင်းမဲ့ ပန်းချီဆရာ ကျော်ကျော်အောင်လည်း ပါဝင်ပါတယ်။ သူ့ကိုရွာထဲ အတင်းပြန်လှည့်ခိုင်းပြီး၊ ပန်းချီကားတွေပါတဲ့ သူ့ရဲ့ကျောပိုးအိတ်နဲ့ ဆိုင်ကယ်ကိုလည်း သိမ်းဆည်းလိုက်ပါတယ်။

ဗျိုင်းဖြူရွာလယ်ခေါင်မှာတော့ ဗိုလ်မှူးအဆင့်လောက်ရှိတဲ့ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနဲ့ အရာရှိတယောက်က အမျိုးသားတွေ အားလုံးကို ရွာအစွန်က လက်ဖက်ရည်ဆိုင်နား သွားဖို့ အမိန့်ပေးပါတယ်။ အဲဒီအမျိုးသားတွေကို မျက်လုံးတွေ ပိတ်ချည်ထားပြီး လက်တွေကိုလည်း နောက်ပြန်ကြိုးတုပ်ထားပါတယ်။ ဆယ်ကျော်သက်တွေ အပါအဝင် အမျိုးသား အယောက် ၈၀၀ လောက်ကို အဲဒီနေရာဆီ မောင်းထုတ်သွားပါတယ်။ ညနေ ၆ နာရီမှာတော့ သူတို့ကို ရွာအနောက်ဘက် အစွန်က တခြားနေရာတခုဆီ ထပ်ရွှေ့ခိုင်းပြန်ပါတယ်။

နောက်ထပ် လူငယ်အရာရှိတယောက်ကတော့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ကျောက်ခင်းလမ်းရဲ့ တဖက်တချက်စီမှာ ထိုင်ခိုင်းပါတယ်။ သူနဲ့ စစ်သားတချို့က အမျိုးသမီးတွေနဲ့ ကလေးတွေကို သေချာလိုက်ကြည့်ပါတယ်။ "မသင်္ကာစရာ" ကောင်းတဲ့သူတွေကို ရပ်ပြီး မေးခွန်းတွေ မေးပါတယ်။ ပြီးတော့ "နောက်ထပ် အမိန့်မရမချင်း" အဲဒီနေရာမှာပဲ ထိုင်နေဖို့ အမိန့်ပေးခဲ့ပါတယ်။

"ဒီလောက် ဆိုးရွားတဲ့ အကြံအစည်တွေ ရှိနေမယ်လို့ ကျမတို့ တခါမှ မတွေးမိခဲ့ဘူး။ စစ်သားတွေကရွာထဲက လူတချို့ကို ရွေးထုတ်မယ်၊ ပြီးရင် စစ်ဆေးမေးမြန်းပြီး ထောင်ချမယ်လို့ပဲ ထင်ခဲ့တာပါ" လို့ လှလှခင် က ပြောပါတယ်။ သူ့ရဲ့ သားနဲ့ ခင်ပွန်းဖြစ်သူဟာလည်း ရွာအစွန်ကို မောင်းထုတ်ခံရသူတွေထဲမှာ ပါဝင်သွားခဲ့ပါတယ်။

ည ၇ နာရီ အချိန်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားပါတယ်။ အော်ဟစ် အကူအညီတောင်းသံတွေကို တဆက်တည်း ကြားလာရပါတယ်။ အမျိုးသားတွေ ညှဉ်းပန်းနှိပ်စက် ခံနေရတာပါ။ အဲဒီနောက် တနာရီလောက်အကြာမှာတော့ သေနတ်သံတွေကို ပုံမှန် ကြားလာရပါတယ်။ အဲဒီသေနတ်ပစ်ခတ်သံတွေဟာ နောက်နေ့မနက် ၄ နာရီအထိ ကြာမြင့်ခဲ့ပါတယ်။

"နောက်နေ့မိုးလင်းတော့ ရွာအစွန်ကနေ မီတာ ၁၀၀ လောက်ဝေးတဲ့ သင်္ချိုင်းဘက်ကနေ မီးခိုးတွေ ထွက်လာတာကို ကျမတို့ မြင်လိုက်ရတယ်။ အဲဒီတော့မှ ရွာသားအများအပြား အသတ်ခံလိုက်ရပြီဆိုတာကို ကျမတို့ သဘောပေါက်လိုက်တယ်" လို့ မဝုန်သန်း က ပြန်ပြောပြပါတယ်။ သူ့ရဲ့ ဖခင်ဟာလည်း အဲဒီညက အသတ်ခံခဲ့ရတဲ့ အမျိုးသားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ "သူတို့ရဲ့ ရုပ်အလောင်းတွေကို သင်္ချိုင်းမှာ မီးရှို့နေကြတာပါ" လို့ သူက ဆက်ပြောပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေဟာ လမ်းမပေါ်မှာ ဝပ်နေရင်း ဘာတွေဖြစ်နေလဲဆိုတာကို တွေးပူနေကြပါတယ်။ အဲဒီအချိန်မှာ လူလတ်ပိုင်းအရွယ် ဗမာကုန်သည်တယောက် သင်္ချိုင်းဘက်ကနေ ရွာလယ်ခေါင်ကို လမ်းလျှောက်လာတာကို တွေ့လိုက်ရပါတယ်။ သူဟာ ပဲခူးတိုင်းဘက်ကဖြစ်ပြီး ဗျိုင်းဖြူရွာမှာ ယာယီလာနေသူပါ။ သူဟာ ဗမာလူမျိုးဖြစ်ကြောင်း ပြောပြလိုက်တဲ့အတွက် စစ်သားတွေက သူ့ကို ပြန်လွှတ်ပေးလိုက်တာပါ။

လှလှခင်က အဲဒီကုန်သည်ဟာ ကြောက်ရွံ့နေတဲ့ပုံစံ ပေါက်နေပြီး သူ့အိမ်ကို အမြန်ပြန်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ အမျိုးသမီးတွေက သူ့ကိုတားပြီး မေးမြန်းခဲ့ပါတယ်။ "အမျိုးသား ၇၀ လောက် အသတ်ခံလိုက်ရတယ်လို့ သူက ကမန်းကတမ်း ပြန်ပြောပြပါတယ်။ ရွာသား တော်တော်များများ နှိပ်စက်ခံရပြီး သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံရတယ်။ ရုပ်အလောင်းတွေကို သင်္ချိုင်းနဲ့ ကန်ဘေးမှာ မြှုပ်တာ ဒါမှမဟုတ် မီးရှို့တာတွေ လုပ်ပစ်လိုက်တယ်လို့ သူက ရှင်းပြပါတယ်" လို့ လှလှခင် က ပြန်ပြောပြပါတယ်။

အဲဒီကုန်သည်ရဲ့ ပြောပြချက်အရ ရေဆာနေတဲ့ ရွာသား ဆယ်ဂဏန်းလောက်က စစ်သားတွေကို သောက်ရေ တောင်းခဲ့ပါတယ်။ ဒါပေမဲ့ စစ်သားတွေက ပလတ်စတစ်ဘူးတွေထဲက သူတို့ရဲ့ ဆီး (သေး) တွေကို အတင်းတိုက်ခဲ့ပါတယ်။ ငြင်းဆန်သူတွေကို သေနတ်ဒင်တွေနဲ့ ရိုက်နှက်ပါတယ်။ အဲဒီလို ရိုက်နှက်ခံရသူတွေထဲက လူလတ်ပိုင်းအရွယ် အမျိုးသားတယောက်ဟာ ဒဏ်ရာတွေကြောင့် နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

ရွာသား အနည်းဆုံး ၁၀ ယောက်လောက်ဟာ နှိပ်စက်ခံရပြီးနောက် လမ်းမလျှောက်နိုင်၊ စကားမပြောနိုင် ဖြစ်သွားခဲ့ပါတယ်။ အမျိုးသားတွေ အားလုံးကို အဲဒီနောက်မှာ ထောင်ထဲကို ချက်ချင်း ခေါ်သွားပုံရတယ်လို့ လှလှခင် က ကုန်သည်ရဲ့ စကားကို ကိုးကားပြီး ပြန်ပြောပြပါတယ်။

ကရင်လူမျိုး စောတမနာမူး ကလည်း ကုန်သည်ရဲ့ ပြောဆိုချက်ကို အတည်ပြုပါတယ်။ သူဟာ ထိုင်းနယ်စပ် ကရင်ပြည်နယ်ကဖြစ်ပြီး စစ်တွေ ဆိပ်ကမ်းမှာ အလုပ်လုပ်နေသူပါ။ သူက ဗျိုင်းဖြူရွာမှာရှိတဲ့ သူ့ရဲ့ ဇနီးဖြစ်သူ (ရခိုင်ဗုဒ္ဓဘာသာဝင်) ရဲ့ အိမ်မှာ ယာယီ လာနေတာပါ။ သူ့ကို နောက်နေ့မနက်စောစောမှာ ဗမာကုန်သည်အပြင် သက်ကြီးရွယ်အိုတွေ၊ ဖျားနာနေသူ ရာဂဏန်းလောက်နဲ့အတူ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မလွှတ်ခင်မှာ သူ့ကိုလည်း နှိပ်စက်ခဲ့ပါသေးတယ်။

စောတမနာမူး က "အမျိုးသား ၈၀၀ လုံးကို အဖွဲ့သုံးဖွဲ့ခွဲပြီး ဒူးထောက်ခိုင်းထားတယ်။ အားလုံးကို မျက်လုံးပိတ်ချည်ထားပေမဲ့ ကျနော့်ဘေးနားမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကျနော် ခံစားသိရှိနေပါတယ်။ နေဝင်သွားပြီးတာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ စတင်ပါတော့တယ်။ လူ ၇၀ ထက်မနည်း အသတ်ခံရတယ်လို့ ကျနော် ယုံကြည်ပါတယ်" လို့ ပြန်ပြောပြပါတယ်။

ထွက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသား ၆ ယောက်လောက် ဖမ်းမိသွားတယ်လို့လည်း သူက ဆိုပါတယ်။ သူတို့ကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ရေဆာလို့ ရေတောင်းတဲ့ ရွာသားတချို့ကို စစ်သားတွေက ဆီးတွေ အတင်းတိုက်ခဲ့တယ်ဆိုတဲ့ ကုန်သည်ရဲ့ စကားကိုလည်း သူက အတည်ပြုခဲ့ပါတယ်။ 

"သူတို့က ကျနော့်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရဲ့ အဖွဲ့ဝင်လို့ သံသယဝင်နေကြတာ။ ကျနော် သီသီလေး လွတ်လာတာပါ" လို့ စောတမနာမူး က ဆိုပါတယ်။‌

ဗျိုင်းဖြူရွာ ဘာကြောင့် ပစ်မှတ်ထားခံရတာလဲ

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ရဲ့ ၇၀ ရာခိုင်နှုန်းကို စစ်တပ်ဆီကနေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ (ဒီနယ်မြေတွေဟာ ချင်းပြည်နယ် တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်တဝန်းမှာ ရှိပါတယ်။) စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တောနဲ့ မာန်အောင် စတဲ့ မြို့နယ် လေးခုရဲ့ အဓိက နေရာလောက်ပဲ ကျန်ပါတော့တယ်။ AA ဟာ အဲဒီမြို့နယ်တွေရဲ့ ဆင်ခြေဖုံး ဒေသတွေကိုတောင် စိမ့်ဝင်နေပြီ ဖြစ်ပါတယ်။

AA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဟာ ဗျိုင်းဖြူရွာ အပါအဝင် ကျေးရွာအများစုမှာ သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး ယန္တရားတွေကို တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ဒါဟာ အရင်က AA သိမ်းပိုက်ခဲ့တဲ့ တခြားမြို့နယ်တွေက ကျေးရွာတွေမှာလည်း ULA နဲ့ AA တို့ သုံးခဲ့တဲ့ ဗျူဟာပါပဲ။

၂၀၂၄ ခုနှစ် အစောပိုင်းမှာ AA ဟာ စစ်တွေကို မတိုက်ခိုက်ခင် စစ်တပ်ကို လက်နက်ချဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် စစ်တပ်ဟာ မြို့တဝိုက်မှာ ခံစစ်ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး စစ်သားတွေရဲ့ မိသားစုဝင်တွေကို လုံခြုံတဲ့ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ AA က စီးပွားရေး အချက်အချာကျတဲ့ ကျောက်တော်မြို့ကို သိမ်းပိုက်ပြီးနောက်၊ စစ်တွေအနီးက ရသေ့တောင်၊ ပေါက်တော၊ ကျောက်ဖြူနဲ့ ရမ်းဗြဲ မြို့နယ်တွေမှာ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။

ကျောက်တော်တိုက်ပွဲဟာ အပြင်းထန်ဆုံး တိုက်ပွဲတွေထဲက တခုဖြစ်တယ်လို့ AA ရဲ့ အကြီးတန်း တပ်မှူးတယောက်က ပြန်ပြောပြပါတယ်။ တိုက်ပွဲဟာ တလကျော်ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာ မြန်မာစစ်တပ်ဟာ အသေအပျောက်များစွာနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ စစ်တပ်ဘက်က အင်အား ၃၀၀ နီးပါးလောက် AA ထံမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အသက်ရှင်လွတ်မြောက်လာသူ ၅ ယောက်စလုံးက အချက်တချက်ကို ပြောပါတယ်။ အဲဒါကတော့ ကျောက်တော်တိုက်ပွဲမှာ စစ်တပ်ဘက်က အသေအပျောက်များခဲ့ရတဲ့ အကြောင်းကို စစ်သားတွေက ရွာသားတွေကို ထပ်တလဲလဲ ပြောဆိုခဲ့တယ် ဆိုတာပါပဲ။

"အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိတယောက်က ပြောတယ်။ ဗျိုင်းဖြူရွာကို ပစ်မှတ်ထားရတဲ့ အဓိက ရည်ရွယ်ချက်က ကျောက်တော်မှာ သေဆုံးသွားခဲ့တဲ့ စစ်သားတွေနဲ့ မိသားစုဝင်တွေအတွက် လက်စားချေတာလို့ ပြောပါတယ်။ ဒီရွာကို မြေလှန်ပစ်မယ်လို့လည်း သူက အလေးအနက် ပြောခဲ့တယ်" လို့ ခင်ခင်လှ က ပြောပါတယ်။

ရွာအစွန်ကို မောင်းထုတ်ခံရချိန်မှာ အရာရှိတွေက ရွာသားတွေကို အခုလို ပြောခဲ့ပါတယ်။ "အိမ်တိုင်းက AA ကို တလ ကျပ် ၂,၀၀၀ ဆက်ကြေးပေးနေတယ်ဆိုတဲ့ သတင်းကို စစ်တပ်က ရထားတယ်။ ပြီးတော့ ရွာသားတွေက AA ကို လူသစ်စုဆောင်းပေးတာတွေ၊ စစ်တွေမှာရှိတဲ့ စစ်တပ်ရဲ့ လှုပ်ရှားမှု သတင်းတွေကို ပေးပို့တာတွေနဲ့ တက်တက်ကြွကြွ ပူးပေါင်းကူညီနေတယ်" လို့ စွပ်စွဲခဲ့ပါတယ်။

စစ်တပ်က ULA အဖွဲ့ဝင်တွေလို့ သံသယရှိတဲ့ ရွာထဲက လူ ၁၁ ယောက်ရဲ့ စာရင်းကို ပြုစုထားခဲ့ပါတယ်။ အဲဒီလူတွေကို ရွေးထုတ်ပြီး တတန်းတည်း ဒူးထောက်ခိုင်းထားပါတယ်။ ပြီးတော့ သူပုန်အဖွဲ့တွေနဲ့ အဆက်အသွယ် ရှိ/မရှိ စစ်ဆေးမေးမြန်းပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ အရာရှိတွေဟာ သူတို့ရဲ့ ဖြေကြားချက်တွေကို ကျေနပ်မှု မရှိခဲ့ပါဘူး။

"သူတို့ကို သံကြိုးတွေနဲ့ ရိုက်နှက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ သူတို့ထဲက လေးယောက်ဆိုရင် သေနတ်နဲ့ အပစ်မခံရခင်ကတည်းက သတိလစ်နေပြီ" လို့ အသက် ၁၇ နှစ်အရွယ် မောင်ဝုန် က ပြောပါတယ်။ 

မောင်ဝုန်ရဲ့ ဖခင်ဟာ ပုသိမ်ထောင်မှာ အကျဉ်းကျခံနေရစဉ် ပျောက်ဆုံးသွားခဲ့သူပါ။ မောင်ဝုန် ကိုယ်တိုင်လည်း နှိပ်စက်ခံခဲ့ရပြီး စစ်တွေထောင်မှာ ၈ လကြာ အကျဉ်းကျခံခဲ့ရကာ နောက်ပိုင်းမှ လွတ်မြောက်လာခဲ့တာပါ။

စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲမှာ စစ်တွေဟာ မဟာဗျူဟာ အကျဆုံး ဖြစ်ပါတယ်။ ဒီမြို့ဟာ စီးပွားရေး အချက်အချာကျတဲ့ မြို့ဖြစ်သလို၊ ကုန်းတွင်းပိတ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအတွက် ထွက်ပေါက်တခု ဖန်တီးပေးမဲ့ အိန္ဒိယရဲ့ စီမံကိန်း ချက်အချာ နေရာလည်း ဖြစ်ပါတယ်။

AA သာ စစ်တွေကို သိမ်းပိုက်နိုင်ခဲ့ရင် ရခိုင်ပြည်နယ်က တခြားမြို့နယ်တွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်ရာမှာ ကြီးမားတဲ့ စစ်ရေး အသာစီးကို ရရှိသွားမှာပါ။ စစ်တပ်ရဲ့ ရှုံးနိမ့်မှုဟာ တခြားဒေသတွေက တော်လှန်ရေး အင်အားစုတွေရဲ့ စိတ်ဓာတ်ကိုလည်း ပိုမိုတက်ကြွလာစေမှာ ဖြစ်ပါတယ်။ (တချို့ဒေသတွေမှာ စစ်တပ်က လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။)

စစ်တွေကို လက်လွှတ်လိုက်ရရင် စစ်တပ်အနေနဲ့ တခြားမြို့နယ်တွေကို ကာကွယ်ဖို့အတွက် ရခိုင်ပြည်နယ်ပြင်ပက ဝေးလံတဲ့ စစ်စခန်းတွေကနေ လူနဲ့ လက်နက်ခဲယမ်းတွေကို မဖြစ်မနေ ပို့ဆောင်ရပါတော့မယ်။ ဒါကြောင့် စစ်တပ်ဟာ သူတို့ထိန်းချုပ်ထားဆဲ မြို့နယ်တွေရဲ့ ဆင်ခြေဖုံးဒေသတွေမှာ AA ရဲ့ ကွန်ရက်နဲ့ ဩဇာလွှမ်းမိုးမှုတွေကို ဖျက်ဆီးပစ်ဖို့ အစွမ်းကုန် ကြိုးစားနေတာဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။

ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ စစ်တွေမြို့တဝိုက်က ကျေးရွာ အနည်းဆုံး ၃၀ လောက်ဟာ ပုံမှန် ဝင်ရောက်စီးနင်းခံရတာ၊ အိမ်တွေ မီးရှို့ခံရတာနဲ့ ပစ်မှတ်ထား သတ်ဖြတ်ခံရတာတွေကို ကြုံတွေ့နေရပါတယ်။ အဆိုးရွားဆုံး ခံစားရတဲ့ ရွာတွေထဲမှာ အောင်တိုင်၊ ကျားမသောက်၊ မြစ်နားနဲ့ ဝါဘို ကျေးရွာတွေ ပါဝင်ပြီး၊ အဲဒီရွာတွေက ရွာသားတွေလည်း ရွာကနေ အတင်းအကျပ် နှင်ထုတ်ခံခဲ့ရတယ်လို့ သူတို့က ဆိုပါတယ်။

လမ်းပေါ်က နှစ်ရက်တာကာလ၊ လုယက်မှုနှင့် မုဒိမ်းမှု

ရွာလယ်ခေါင်မှာ ကျန်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကတော့ မေလ ၂၉ ရက်နေ့ မနက်ပိုင်းကစပြီး ပြင်းထန်တဲ့ နေပူကျဲကျဲထဲမှာ လမ်းမပေါ် ထိုင်နေရပါတယ်။ အနားပေးတာမျိုး မရှိဘဲ နှစ်ရက်နီးပါးလောက် အဲဒီအတိုင်း နေခဲ့ရတာပါ။ အမျိုးသမီးတချို့က သူတို့အိမ်ကနေ ရေနဲ့ အစားအစာ သွားယူဖို့၊ အိမ်သာသွားဖို့ ခွင့်တောင်းပေမဲ့ ပြင်းပြင်းထန်ထန် အော်ဟစ်ဆဲဆိုပြီး ခြိမ်းခြောက်ခံခဲ့ရပါတယ်။ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတယောက်ဟာ သူ့ရဲ့ ၂ နှစ်အရွယ် သားလေး "တက်" လာတဲ့အတွက် အိမ်ထဲ ခေါ်သွားခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမဲ့ သေနတ်နဲ့ ချိန်ရွယ်ခံခဲ့ရပါတယ်။

"အသက်ကြီးပိုင်း အမျိုးသမီး သုံးယောက်နဲ့ ကလေး နှစ်ယောက် သတိလစ် လဲကျသွားတာကို ကျမ မြင်လိုက်ရတယ်။ သူတို့ ဘာဆက်ဖြစ်သွားလဲ ဆိုတာတော့ ကျမ မသိဘူး" လို့ မဝုန်သန်း က ပြန်ပြောပြပါတယ်။ 

"ကလေးတွေ အပါအဝင် လူတော်တော်များများက အနီးအနားက မြောင်းတွေထဲက ရေကို အတင်း သောက်ခဲ့ရတယ်" လို့လည်း သူက ဆက်ပြောပါတယ်။

စစ်သားတွေဟာ အလှည့်ကျ ကင်းလှည့်ပြီး စောင့်ကြည့်နေခဲ့ပါတယ်။ မတ်တပ်ရပ်သူ ဒါမှမဟုတ် နေရာရွှေ့သူ ဘယ်သူ့ကိုမဆို ခြိမ်းခြောက်ပါတယ်။ ဒုတိယနေ့ ညနေပိုင်းမှာတော့ စစ်သားတွေအတွက် အစားအသောက်နဲ့ရေတွေ တင်လာတဲ့ နောက်ထပ် ကားနှစ်စီး ရောက်လာပါတယ်။ ရွာအရှေ့ဘက် အစွန်က ကွင်းပြင်တခုမှာ အဲဒီအစားအသောက်တွေကို ချထားပေးပါတယ်။

ညနေပိုင်းမှာတော့ စစ်သားတွေဟာ အုပ်စုငယ်လေးတွေခွဲပြီး မီးတိုင်တွေ ထွန်းကာ အိမ်တွေထဲကို ဝင်ရောက်မွှေနှောက်ကြပါတယ်။ သော့တွေကို ဖျက်ဆီးပြီး တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူကြပါတယ်။ စစ်သားတစ်ယောက်က ရှေးဟောင်းပစ္စည်းတွေကို ယူဖို့ တခြားစစ်သားတွေကို အော်ဟစ်ပြောဆိုနေသံကိုလည်း ကြားခဲ့ရပါတယ်။ တန်ဖိုးကြီး ပစ္စည်းတွေ အပြည့်ပါတဲ့ သံသေတ္တာ တလုံးကို အိမ်တအိမ်ထဲကနေ ကွယ်ရာကို သယ်သွားပြီး အဲဒီပစ္စည်းတွေကို စစ်သားတွေ အချင်းချင်း ခွဲဝေယူခဲ့ကြပါတယ်။

အိမ်တအိမ်တည်းကိုပဲ အကြိမ်ကြိမ် လုယက်ခဲ့ကြတာပါ။ ကင်းလှည့်ဖို့ အဖွဲ့သစ်တွေ ရောက်လာတိုင်း ရောက်လာတဲ့အဖွဲ့က အိမ်တွေကို ထပ်ပြီး လုယက်ကြပြန်ပါတယ်။ ကျနော် အင်တာဗျူးခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီး သုံးဦးစလုံးရဲ့ အိမ်တွေလည်း လုယက်ခံခဲ့ရပါတယ်။ ငွေသား၊ ရွှေထည်ပစ္စည်း၊ နာရီ၊ ဆိုလာပြား၊ ဆိုင်ကယ်နဲ့ လက်ကိုင်ဖုန်းတွေ အားလုံး ယူဆောင်သွားခြင်း ခံခဲ့ရပါတယ်။

မေလ ၃၀ ရက်နေ့ ညပိုင်းမှာတော့ အသက် ၂၀ ကျော်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ အမျိုးသမီးတယောက် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံခဲ့ရပါတယ်။ ပထမနေ့က ရွာသားတွေကို ဖမ်းဆီးစုရုံးချိန်မှာ သူဟာ အိမ်ထဲမှာ ပုန်းနေပြီး စစ်သားတွေရန်ကနေ လွတ်မြောက်ခဲ့တာပါ။ "သူမကို စစ်သား လေးယောက်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တယ်။ သူမရဲ့ အော်ဟစ်သံတွေကို အမျိုးသမီး တော်တော်များများ ကြားခဲ့ရတယ်။ နောက်နေ့ မနက်ရောက်မှပဲ သူမရဲ့ မိဘတွေကို အိမ်ထဲဝင်ပြီး သမီးဖြစ်သူနဲ့ တွေ့ခွင့်ပေးခဲ့တယ်" လို့ လှလှခင် က ပြောပါတယ်။

မေလ ၃၁ ရက်နေ့ မနက် ၁၀ နာရီမှာတော့ အမျိုးသမီးတွေနဲ့ ကလေးတွေကို နောက်နှစ်နာရီနေရင် စစ်တွေကို ရွှေ့ပြောင်းပေးမယ်လို့ စစ်သားတွေက လာပြောပါတယ်။ အိမ်ကနေ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေကို သွားယူဖို့လည်း အမိန့်ပေးပါတယ်။ အဲဒီနောက် သူတို့ကို ကားတွေပေါ် တင်ပြီး စစ်တွေမြို့ပေါ်က ဘုန်းကြီးကျောင်း အသီးသီးကို လိုက်ပို့ခဲ့ပါတယ်။

အဲဒီအမျိုးသမီးတွေ၊ ကလေးတွေနဲ့အတူ အမျိုးသားနဲ့ ကလေးသူငယ် ၁၅၀ လောက်လည်း စစ်တွေကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။ ကျန်တဲ့ အမျိုးသား ၆၀၀ ကနေ ၆၅၀ ကြားကိုတော့ စစ်တွေမှာရှိတဲ့ စစ်တပ်စခန်းကို ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ သူတို့ကို နောက်ထပ် ဒုက္ခပေါင်းစုံ ပေးဖို့ စောင့်ကြိုနေခဲ့ပါတယ်။

အကျဉ်းထောင်များနှင့် ဘုန်းကြီးကျောင်းများတွင်

စစ်တွေမှာရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ထဲမှာ ဗျိုင်းဖြူရွာက အမျိုးသားတွေကို အခန်း ၄ ခန်းထဲမှာ ပြည့်ကျပ်နေအောင် ထည့်ထားပါတယ်။ အခန်းတွေမှာ လေဝင်လေထွက်ပေါက် တခုစီပဲ ပါပြီး ပြတင်းပေါက်တွေလည်း မရှိသလို၊ လှုပ်ရှားသွားလာဖို့ နေရာလည်း မရှိပါဘူး။ နောက်နေ့ မနက်မှာတော့ သူတို့ကို ထမင်းနဲ့ ရေတခွက်စီ ကျွေးပါတယ်။ အဲဒီနောက် အုပ်စုတွေခွဲပြီး အရာရှိကြီးတွေရှေ့ကို ခေါ်သွားပါတယ်။

အသက်ကြီးရွယ်အိုတွေ၊ ဖျားနာနေသူတွေ၊ မသန်စွမ်းသူတွေနဲ့ ကျောင်းဆရာ ၃ ယောက် အပါအဝင် လူ ၁၀၀ ကျော်ကိုတော့ အပြစ်မရှိဘူးလို့ ယူဆပြီး နောက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့လူတွေကိုတော့ ရွာမှာတုန်းက မေးခဲ့တဲ့ မေးခွန်းတွေအတိုင်း ထပ်မေးပါတယ်။ AA ကို အလှူငွေပေးတာ၊ ကူညီထောက်ပံ့တာတွေနဲ့ ပတ်သက်ပြီး စစ်ဆေးပါတယ်။ အရင်ကလိုပဲ သံတုတ်တွေ၊ သံကြိုးတွေနဲ့ ရိုက်နှက်နှိပ်စက်တဲ့ ဒဏ်တွေကို နောက်ထပ် နှစ်ရက်လောက် ထပ်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူတို့ကို စစ်တွေထောင်ကို ပို့လိုက်ပါတယ်။

"အဲဒီအုပ်စုထဲက အမျိုးသား ၅ ယောက်ကိုတော့ တခြားသူတွေထက် ပိုပြီး စစ်ဆေးမေးမြန်းခဲ့တယ်။ သူတို့ကို AA နဲ့ အဆက်အသွယ်ရှိတယ်လို့ စစ်တပ်က ယုံကြည်နေပုံရတယ်။ သူတို့ကို ပိုပြီးတော့လည်း နှိပ်စက်ခဲ့တယ်။ သူတို့ထဲက ၂ ယောက်က စစ်တွေထောင်ထဲမှာ တပတ်အတွင်း သေဆုံးသွားခဲ့တယ်" လို့ စစ်တွေထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ ထွန်းလှ က ပြောပါတယ်။

အကျဉ်းထောင်ကို ရဲတွေက စောင့်ကြပ်ပြီး၊ ရဲတွေက အကျဉ်းသားတွေအပေါ် စာနာမှု ရှိပါတယ်။ ထမင်းမှန်မှန် ကျွေးပြီး၊ ဖျားနာနေသူတွေနဲ့ ဒဏ်ရာရထားတဲ့ ရွာသားတွေကိုလည်း ဆေးဝါးတွေ ပေးပါတယ်။ နောက်တကြိမ် စစ်ဆေးမေးမြန်းခံရရင် အမှန်တိုင်းပဲ ဖြေဖို့ အရာရှိကြီး တယောက်က ရွာသားတချို့ကို အကြံပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ထောင်ထဲမှာ ရွာသားတွေကို နောက်ထပ် စစ်ဆေးမေးမြန်းတာမျိုးတော့ မရှိခဲ့ပါဘူး။

ထွန်းလှဟာ ထောင်ထဲမှာ တလလောက် နေခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ကလေးသူငယ် ၃၈ ယောက်ထဲမှာ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ လူ ၂၀၀ လောက်ကို ထပ်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုတော့ ပုသိမ်ထောင် အပါအဝင် တခြားထောင် အသီးသီးကို ခွဲပို့လိုက်ပါတယ်။ 

"ထောင်ထဲမှာ အမျိုးသား ၂၅၀ လောက် ကျန်ခဲ့တယ်။ ကျနော် စစ်တွေထောင်မှာ ရှိနေတုန်း ပြန်လွတ်သွားပြီးမှ သေဆုံးသွားတဲ့ ရွာသား ဆယ်ယောက်လောက် ရှိတယ်" လို့ ထွန်းလှ က ပြန်ပြောပြပါတယ်။

ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းခံရတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကိုတော့ ထွက်ပြေးဖို့ မကြိုးစားကြဖို့ သတိပေးထားပါတယ်။ ထွက်ပြေးဖို့ ကြိုးစားရင် ဘယ်သူ့ကိုမှ ညှာတာမှာ မဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ထားပါတယ်။ ဗျိုင်းဖြူရွာသားတွေဟာ အရင်ကတည်းက နှင်ထုတ်ခံထားရတဲ့ တခြားရွာတွေက လူတွေနဲ့ သွားပေါင်းရတာပါ။ အဲဒီရွာတွေက အိမ်တွေလည်း AA ကို လက်စားချေတဲ့အနေနဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ လူတွေ ပြည့်ကျပ်နေတဲ့အတွက် လူရာနဲ့ချီပြီး ယာယီတဲတွေ ထိုးပြီး နေခဲ့ကြရပါတယ်။

စစ်သားတွေဟာ ဘုန်းကြီးကျောင်းတွေကို နေ့တိုင်း လာရောက်စောင့်ကြည့်ပြီး ထွက်ပြေးလို့ မရဘူးဆိုတဲ့ အသိကို အမြဲပေးနေခဲ့ပါတယ်။ ရွာသားတွေကို ဆေးရုံသွားဖို့အတွက် ဘုန်းကြီးကျောင်းကနေ ထွက်ခွင့်ပြုပေမဲ့ သတ်မှတ်ထားတဲ့ လမ်းတွေထက် ကျော်လွန်သွားလာခွင့် မပြုပါဘူး။ အမျိုးသမီးတွေကိုတော့ ထောင်ထဲမှာရှိတဲ့ ခင်ပွန်း၊ သားနဲ့ ဆွေမျိုးတွေကို သွားတွေ့ခွင့် ပြုထားပါတယ်။

စစ်တွေမှ ထွက်ပြေးလွတ်မြောက်ခြင်း

မိုးမိုးအေးရဲ့ ခင်ပွန်းဟာ ဗျိုင်းဖြူရွာမှာ သေဘေးကနေ သီသီလေး လွတ်မြောက်လာခဲ့သူပါ။ ဒါပေမဲ့ နှစ်ရက်ဆက်တိုက် ရိုက်နှက်ခံရလို့ လည်ပင်းနဲ့ ညာဘက်ခြေထောက်မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။ 

"ကျမယောက်ျား အသက်ရှင်နေသေးတယ်ဆိုတာ ကြားရလို့ စိတ်အေးသွားပေမဲ့ သိပ်မကြာခင် ပြန်လွတ်လာဖို့ လမ်းမရှိဘူးဆိုတာလည်း ကျမ သိနေတယ်" လို့ သူက ပြောပါတယ်။

သူ့ရဲ့ သားနှစ်ယောက်ထဲက တယောက်ဟာလည်း စစ်တွေထောင်မှာ အကျဉ်းကျခံနေရပါတယ်။ "ကျမတို့နေတဲ့ ဘုန်းကြီးကျောင်းကနေ အမျိုးသမီး ၂ ယောက် အောင်အောင်မြင်မြင် ထွက်ပြေးလွတ်မြောက်သွားတယ် ဆိုတာကို ကြားရတော့မှ စစ်တွေကနေ ထွက်ပြေးဖို့ စိတ်ကူးရလာတာပါ" လို့ မိုးမိုးအေး က ဆိုပါတယ်။

ဗျိုင်းဖြူနဲ့ တခြားကျေးရွာက ဒေသခံ တော်တော်များများဟာ ထွက်ပြေးဖို့ အစီအစဉ်တွေ စတင် စဉ်းစားလာကြပါတယ်။ စစ်တပ်က ဗျိုင်းဖြူရွာက အိမ်ထောင်စုစာရင်း အတိအကျနဲ့ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းလာသူ စာရင်း အတိအကျကို မှတ်တမ်းတင်ထားတာ မရှိပါဘူး။ ဒါကြောင့် အမျိုးသမီးတယောက် ထွက်ပြေးသွားရင်တောင် ထောင်ထဲမှာရှိတဲ့ သူ့ရဲ့ ဆွေမျိုးတွေကို အလွယ်တကူ လိုက်ရှာဖို့ မဖြစ်နိုင်ဘူးလို့ သူတို့ တွက်ဆခဲ့ကြပါတယ်။

ဒါပေမဲ့ ထွက်ပြေးမဲ့သူတွေအတွက် အခက်အခဲပေါင်း များစွာ ရှိနေပါတယ်။ ငွေကြေး မလုံလောက်သလို၊ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်လည်း သိပ်မရှိပါဘူး။ စစ်တပ်က စစ်တွေမြို့ ဆင်ခြေဖုံးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ အများကြီး ထောင်ထားပါတယ်။ ထွက်ပြေးမဲ့သူတွေဟာ စစ်တွေရဲ့ မြောက်ဘက်မှာရှိတဲ့ အနီးဆုံး AA ထိန်းချုပ်နယ်မြေကို ရောက်ဖို့ အနည်းဆုံး မိုင် ၃၀ လောက် လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။

စစ်တွေကနေ ထွက်ပြေးတဲ့ စစ်ဘေးရှောင် (IDP) တချို့ဟာ မြေမြှုပ်မိုင်း နင်းမိလို့ သေဆုံးခဲ့ရပြီး တချို့လည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ မိုးမိုးအေးက မြို့အနေအထားကို ကောင်းကောင်းသိတဲ့ သက်ကြီးရွယ်အို တချို့ဆီကနေ လုံခြုံတဲ့ လမ်းကြောင်း အချက်အလက်တွေကို စတင် စုဆောင်းခဲ့တယ်လို့ ပြောပါတယ်။ 

"ဒါပေမဲ့ ထောင်ထဲကနေ ထွက်ပြေးရတာကလည်း အရမ်း အန္တရာယ်များတယ်။ မြို့ထဲက စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းသွားရမဲ့အပြင် လွတ်မြောက်နယ်မြေကို ရောက်ဖို့ နာရီပေါင်းများစွာ မနားတမ်း လမ်းလျှောက်ရမှာပါ" လို့ သူက ဆိုပါတယ်။

စစ်တွေကို ရောက်ပြီး ၃ လအကြာမှာတော့ မိုးမိုးအေး အပါအဝင် အမျိုးသမီး ၆ ယောက်၊ သူတို့ရဲ့ ခင်ပွန်းတွေနဲ့ ကလေးတွေ စုစုပေါင်း ၁၈ ယောက်ပါတဲ့ အဖွဲ့ဟာ မြို့ကနေ ထွက်ပြေးဖို့ အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီမှာ သူတို့ဟာ ဘုန်းကြီးကျောင်းကနေ တိတ်တဆိတ် ထွက်လာခဲ့ကြပါတယ်။ မြို့အပြင်ဘက်ကို ထွက်တဲ့ လမ်းကျဉ်းလေးတွေကနေတဆင့် မြေမြှုပ်မိုင်း မရှိတဲ့ ရွှံ့ညွန်ထူထပ်တဲ့ နေရာတခုဆီကို ရောက်လာပါတယ်။ အဲဒီနေရာကို ဖြည်းဖြည်းချင်း ဖြတ်ကျော်ပြီးနောက် စစ်တပ်မရှိတဲ့ တောအုပ်လေးတခုဆီကို ရောက်ရှိသွားပါတယ်။

၁၂ နာရီဆက်တိုက် လမ်းလျှောက်ပြီးနောက်မှာတော့ သူတို့ဟာ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် နယ်မြေထဲကို ရောက်ရှိသွားပြီး AA က သူတို့ကို ကြိုဆိုလက်ခံခဲ့ပါတယ်။ တပတ်အတွင်းမှာပဲ သူတို့ကို စစ်တွေမြို့ မြောက်ဘက် မိုင် ၈၀ လောက်အကွာမှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတခုကို ပို့ဆောင်ပေးခဲ့ပါတယ်။

မိုးမိုးအေး လိုပဲ တခြား ဗျိုင်းဖြူရွာသား အယောက် ၄၀၀ လောက်ဟာလည်း AA ထိန်းချုပ်နယ်မြေတွေကို ထွက်ပြေးလာနိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သူတို့ကို ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ နေရာချပေးခဲ့ပါတယ်။ သူတို့ထဲက နှစ်ယောက်ကတော့ မြေမြှုပ်မိုင်း နင်းမိလို့ ဒဏ်ရာရခဲ့ပေမဲ့ အဖမ်းမခံရဘဲ အန္တရာယ်ဇုန်ကို ဖြတ်ကျော်လာနိုင်ခဲ့တာ ကံကောင်းပါတယ်။

ဒီလို ထွက်ပြေးလွတ်မြောက်လာသူတွေထဲမှာ ဗျိုင်းဖြူရွာက လူလတ်ပိုင်းအရွယ် အမျိုးသား ၂ ယောက်ရဲ့ ထူးခြားတဲ့ ဇာတ်လမ်းလည်း ရှိပါတယ်။ သူတို့ဟာ လွတ်မြောက်နယ်မြေကို မလာခင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ သူတို့ရွာကို တိတ်တဆိတ် ပြန်သွားကြည့်ခဲ့ကြပါတယ်။ ဗျိုင်းဖြူရွာမှာ သူတို့မြင်တွေ့ခဲ့ရတာတွေကို သူတို့ကိုယ်တိုင်တောင် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အိမ်ကြီးအိမ်ကောင်း တော်တော်များများကို စစ်တပ်က ရောင်းစားလိုက်ပြီး သူစိမ်းတွေ ဝင်နေကြပါတယ်။ အိမ်သေးသေးလေးတွေ တော်တော်များများကိုလည်း ဖျက်ဆီးပစ်လိုက်ပါတယ်။ သစ်သားတွေကို ရောင်းစားတာ ဒါမှမဟုတ် စစ်တပ်က ထင်းအဖြစ် အသုံးပြုနေကြတာကို တွေ့ခဲ့ရပါတယ်။

သူတို့ရဲ့ ဒီအတွေ့အကြုံ ဇာတ်လမ်းဟာ စစ်တွေမှာရှိနေတဲ့ ဗျိုင်းဖြူရွာသားတွေကြားထဲ တောမီးလို ပျံ့နှံ့သွားခဲ့ပါတယ်။ အနီးအနားက တခြားရွာတွေမှာလည်း ရွာသားတွေ ထွက်ပြေးသွားပြီးနောက် ရွာပျက်ကြီးတွေ ဖြစ်နေတာမို့လို့ သူတို့ရဲ့ စကားကို တော်တော်များများက မယုံကြည်ခဲ့ကြပါဘူး။ ဒါကြောင့် ရွာသားတစုက အမျိုးသား သုံးယောက်ကို မြေပြင်အခြေအနေ အမှန်ကို သိရဖို့ စစ်တွေကနေ ဗျိုင်းဖြူရွာကို လွှတ်လိုက်ပါတယ်။ အဲဒီအခါမှာတော့ ရွာမှာ သူစိမ်းတွေ ဝင်နေတယ်ဆိုတဲ့ အမျိုးသား နှစ်ယောက်ရဲ့ ပြောဆိုချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

"ကျမတို့ အရာအားလုံး ဆုံးရှုံးသွားပါပြီ။ စစ်တွေလွတ်မြောက်မှပဲ ကျမတို့ရွာကို ပြန်နိုင်ဖို့ မျှော်လင့်နိုင်တော့မယ်" လို့ အခု ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတခုမှာ ထင်းရောင်းပြီး အသက်မွေးနေတဲ့ မဝုန်သန်း က ပြောပါတယ်။

ဗျိုင်းဖြူရွာသားတွေဟာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေက စစ်ဘေးရှောင်စခန်း ၈ ခုမှာ ခိုလှုံနေကြပါတယ်။ တချို့ကတော့ မြောက်ဘက် ကျောက်တော်နဲ့ ပလက်ဝမြို့နယ်တွေဆီ ဆက်သွားကြပါတယ်။ သူတို့အများစုဟာ နေ့စားအလုပ်တွေ လုပ်တာ၊ ထင်းရောင်းတာတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြပါတယ်။ တချို့ကတော့ စစ်ဘေးရှောင်စခန်းတွေမှာ ဈေးဆိုင်လေးတွေ ဖွင့်ထားကြပါတယ်။ ကလေးအများစုကတော့ ULA က ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ပညာသင်ကြားနေကြပါတယ်။

မဝုန်သန်း လိုပဲ သူတို့အားလုံးဟာလည်း အချိန်တိုအတွင်း ဗျိုင်းဖြူရွာကို ပြန်ပြီး ဘဝသစ်တခု ပြန်စနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

(အင်တာဗျူး ဖြေဆိုသူများ၏ လုံခြုံရေးအတွက် အမည်တချို့ကို ပြောင်းလဲထားပါသည်။)

 ရာဂျစ် ဘာတာချာယာ

(The Diplomat မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှ ဝါရင့်သတင်းစာဆရာ  Rajeev Bhattacharyya ရေးသားထားသည့် “‘Tortured and Shot’: Survivors Recall Massacre of 70 Men by Myanmar Military in 2024 “ ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Ref: The Diplomat 
 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013