
စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့မှာ ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ယောက်သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာက စာသင်ကျောင်းကို ဇူလိုင် ၂၇ ရက် မနက် ၁ နာရီလောက်မှာ စစ်တပ်က ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် လင်မယား ၂ ယောက် သေဆုံးပြီး စာသင်ကျောင်းဆောင် ၄ ဆောင်နဲ့ လူနေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။
၂၇ ရက် မနက် ၁၀ နာရီခွဲလောက်ကလည်း ဝက်လက်မြို့နယ် ကူကြီးရွာအနီးက တောတိုက်ထဲကို စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။
ဇူလိုင် ၂၈ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာလည်း ဂျက်ဖိုက်တာနဲ့ ဝက်လက်မြို့နယ် ပေါက်ကန်ရွာ(ဘူတာပိုင်း) ကို ၂ ကြိမ်၊ စစ်ကိုင်းမြို့နယ် စမွန်းရွာကို ၂ ကြိမ် စုစုပေါင်း ၄ ကြိမ် တိုက်ခိုက်ရာ အပြစ်မဲ့ပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရကာ နေအိမ်အဆောက် အအုံ ၂၀ ခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ပေါက်ကန်ဘူတာရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ စဉ့်ကူးနယ်က စစ်ရှောင် ပြည်သူ တဦး သေတယ်။ စစ်ကိုင်းနယ်ထဲက စမွန်းရွာ လေကြောင်း တိုက်ခိုက်ခံရမှု မှာတော့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်။ လူနေအိမ် ပျက်စီးမှုများတယ်။ ဒဏ်ရာ ရသူ ၃ ယောက်ကိုတော့ ဆေးကုသပေးနေကြတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ် ပေါက်ကန်ရွာ(ဘူတာပိုင်း) လေကြောင်းတိုက်ခိုက်ခံရမှုမှာ စဉ့်ကူးနယ်က စစ်ဘေး ရှောင်လာသူ ဦးမြင့်သန်း အသက် (၆၀) ကျော်နဲ့ စစ်ကိုင်းမြို့နယ် စမွန်းရွာ လေကြောင်း တိုက်ခိုက် ခံရမှုမှာ မမြင့်မော် အသက် (၃၄) နှစ်တို့ သေဆုံးခဲ့ပြီး နှစ်ရွာပေါင်း လူနေအိမ် ၂၀ ခန့်လည်း ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို နေရာအနှံ့ ပြုလုပ်နေတာဖြစ်ပြီး DVB ရဲ့ လေ့လာဆန်းစစ်မှုတွေအရ စစ်ကိုင်းတိုင်းဟာ လေကြောင်းတိုက်ခိုက်ခံရမှု အမြင့်ဆုံးမှာ ရှိနေတယ် လို့ သိရပါတယ်။










