DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ထိန်ပင် ဆေးဖက်ဝင်
သာဇဏ်
·
September 23, 2026
နွေဦးပြည်သူတို့အတွက် ထိန်ပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ထိန်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာကနေ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ထိန်ပင်ကို သိပ္ပံလို Mitragyna parvifolia လို့ခေါ်ပြီး အင်္ဂလိပ်လို Kaim, True Kadamb လို့ ခေါ်ကြပါတယ်။ 

ထိန်ပင်မှာ Flavonoid, glycoside, alkaloid၊ phenol၊ tannin,phytosterol, mitraphylline၊ isomitraphylline၊ pteropodine၊ isopteropodine၊ speciophylline, uncarine F, rotundifoline၊ rhynchophylline၊ isorotundifoline၊ rhynchociline၊ speciocilitine၊ speciofoline,mitragynine, pyroligneous acids, aldehydes, ketones, scopoletin, thermophylline, daucosterol, quinovic acid, ß-sitosterol and methyl acetate  စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများပါဝင်ပါတယ်။

ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို လျှော့ချခြင်း၊ ကိုယ်ပူကျစေခြင်း၊ အဆစ်အမြစ်ရောင်ရောဂါ သက်သာစေခြင်း၊ ကိုယ်ခံအားစနစ်ကို ထိန်းညှိ/လျှော့ချပေးခြင်း၊ တက်ခြင်းကို သက်သာစေခြင်း၊ သန်ကောင်/ကပ်ပါးပိုးကို တိုက်ဖျက်ခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ ဘက်တီးရီးယားပိုးမွှား တိုက်ဖျက်ခြင်း၊ နာကျင်မှုကို လျှော့ချပေးခြင်း၊ ဆီးချိုရောဂါ သက်သာစေခြင်း၊ ကျောက်ကပ်/ဆီးလမ်းကြောင်း ကျောက်တည်ခြင်းကို ကာကွယ်ပေးခြင်း၊ သွေးတိုးကျစေခြင်း၊ သွေးကြောများ ပြေလျော့စေခြင်း၊ သွေးတွင်းအဆီဓာတ် လျှော့ချပေးခြင်း၊ ဆဲလ်ပွားမှု မမှန်ကန်ခြင်းကို တားဆီးခြင်း၊ အနာကျက်စေခြင်း စတဲ့ အစွမ်းအာနိသင်တွေလည်း ရှိပါတယ်။ 

ဆေးဘက်ဆိုင်ရာမှာ ထိန်ပင်ရဲ့  အရွက်၊ အမြစ်၊ ပင်စည်အခေါက်၊ အသီး တို့ကို သုံးစွဲကြပါတယ်။ ဝမ်းဗိုက်ဖောင်းပွမှုအတွက် အရွက်မှုန့် ကော်ဖီ ၁ ဇွန်းကို ရေနွေးနဲ့ ရောစပ်ပြီး သောက်ပေးခြင်းဖြင့်  သက်သာစေနိုင်ပါတယ်။ 

အပျော့စား အစာအိမ်ရောင်ခြင်းအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အစာခြေစနစ် ကောင်းမွန်စေဖို့အတွက် အရွက်မှုန့် ကော်ဖီ ၁ ဇွန်းကို  တနေ့ ၁-၂ ကြိမ် ပျားရည်နဲ့ ရောစပ်ပြီး ရေနဲ့ သောက်ပေးနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါတွေမှာ အခေါက်ပြုတ်ရည်ကျကျကို တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့်  အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို သက်သာစေပါတယ်။

သန်ကောင်/တုတ်ကောင်ရောဂါတွေမှာ ထိန်ရွက်သတ္တုရည် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက်ခန့် သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

အသားဝါခြင်းအတွက် အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဖျားရောဂါအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

သွေးကြောပြေလျော့စေခြင်း အာနိသင်ရှိတာကြောင့် သွေးတိုးရောဂါမှာ အမြစ်သွေးရည် ဟင်းစားဇွန်းတဇွန်းကို တနေ့ ၁-၂ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း အနည်ထိုင်တွေအတွက် အမြစ်သွေးရည် ဟင်းစားဇွန်းတဇွန်းကို သံပရာဖျော်ရည် ၁ ခွက်နဲ့ တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။

ဆီးချိုရောဂါမှာ အရွက်ပြုတ်ရည်ကျကျ ရေနွေးကြမ်းပန်းကန်တဝက်ကို သွေးတွင်းသကြားဓာတ် အနိမ့် အမြင့်အပေါ် မူတည်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် ဆီးချို ထိန်းသိမ်းရာမှာ အဆင်ပြေစေပါတယ်။

အဆစ်နာကျင်ရောဂါမှာ အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အရွက်ကို ထုထောင်းပြီး လိမ်းပေး/အုံပေးခြင်းဖြင့် နာကျင်ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။

အရွက်အသင့်အတင့်ကို ဆိတ်နို့ထဲမှာ တညလုံး စိမ်ထားပြီး နံနက်မှာ နို့ကို စစ်သောက်ပေးခြင်းဖြင့် ရာသီလာချိန် နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။ အရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၁-၂ ကြိမ် တပတ်ခန့် သောက်ပေးခြင်းဖြင့် မီးယပ် ထိမ်/ကျန်/ငုတ်ခြင်းတွေကို သက်သာစေပါတယ်။

နို့တိုက်မိခင်တွေ နို့ထွက်ကောင်းမွန်အောင် အသီးအနည်းငယ်ကို ဖျော်ရည်ပြုလုပ်ပြီး သောက်ပေးနိုင်ပါတယ်။

ကြွက်သားနာကျင်မှုအတွက် အခေါက်သွေးရည်ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။ အရေပြားအပူလောင်ခြင်းတွေမှာ  အရွက်ကို ထုထောင်းပြီး အုံပေးခြင်းဖြင့် ဒဏ်ရာကို အင်မြန် ကျက်စေပါတယ်။ ထိခိုက်ရှနာများမှာ အရွက်ကို ထုထောင်းပြီး အုံပေးခြင်းဖြင့် အနာကျက်စေပါတယ်။

ထိန်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အနည်းငယ်ဝမ်းလျှောခြင်း၊ အနည်းငယ် အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ထိန်သီးနဲ့ ဓာတ်မတည့်သူတွေ ထိန်ပင်ထွက် ပစ္စည်းတွေကို ရှောင်ကြဉ်ပါတယ်။ ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်တွေ မသုံးစွဲသင့်ပါ။ နွေဦးပြည်သူတွေ ထိန်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013