
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မြက်ကြက်သွန်ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။
မြက်ကြက်သွန်ပင်ကို သိပ္ပံလို Cymbopogon martinii လို့ခေါ်ပြီး အင်္ဂလိပ်လို palmarosa, rosha grass, Indian geranium လို့ ခေါ်ကြပါတယ်။
မြက်ကြက်သွန်ပင်မှာ Geraniol, Linalool၊ Geranyl acetate၊ Geranyl formate, Carvone စတဲ့ ကျန်းမာရေး အကျိုးပြုဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ နှလုံးလုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးခြင်း၊ သွေးကို သန့်စင်စေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အရသာခံနိုင်စွမ်းကို တိုးတက်စေခြင်း၊ သန်ကောင်/တုတ်ကောင် တိုက်ဖျက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကို ဆန့်ကျင်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အဖျားကျစေခြင်း၊ နို့ထွက်အားကောင်းစေခြင်း၊ ဆီးရွှင်စေခြင်း၊ အာရုံကြောကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အရေပြားကျန်းမာရေးကို မြှင့်တင်ပေးခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ မြက်ကြက်သွန်ပင် ပင်စည်၊ အရွက်၊ အပွင့်နဲ့ တပင်လုံးကို သုံးစွဲကြပါတယ်။ အစာစားချင်စိတ် နည်းပါးခြင်းအတွက် မြက်ကြက်သွန်ပင်ကို ရေမှာ တည စိမ်ပြီး ရေနွေးကြမ်းပန်းကန် တခွက်စာကို အစာမစားမီ နာရီဝက်ခန့်မှာ သောက်သုံးပေးခြင်းဖြင့် အစာစားလိုစိတ်ကို တိုးတက်စေပါတယ်။
အူလမ်းကြောင်း ကပ်ပါးကောင်များနဲ့ ဝမ်းလျှောရောဂါများအတွက် မြက်ကြက်သွန်ပင်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ပန်းနာရင်ကြပ်ရောဂါနဲ့ အအေးမိတုပ်ကွေးရောဂါတွေအတွက် မြက်ကြက်သွန်ပင် အဆီကို ရေနွေးနဲ့ ရောစပ်ပြီး ရေနွေးငွေ့ကို ရှူရှိုက်ပေးနိုင်ပါတယ်။
နို့တိုက်မိခင်များ မြက်ကြက်သွန်ပင်ကို နွားနို့နဲ့အတူ ပြုတ်ပြီး ရေနွေးကြမ်းပန်းကန်တခွက်ကို တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းဖြင့် နို့ထွက်နှုန်းကို ပိုမိုကောင်းမွန်လာစေပါတယ်။
မြက်ကြက်သွန်ပင် ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၁ ကြိမ် သောက်ပေးခြင်းဖြင့် သွေးသန့်စင်စေပြီး နှလုံးကြွက်သားများကို သန်မာလာစေပါတယ်။
အဆစ်အမြစ် နာကျင်ရောင်ရမ်းများအတွက် မြက်ကြက်သွန်ပင် ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးပြီး အပင်ကို ထောင်းပြီး အနှစ်ကို လိမ်းပေးနိုင်ပါတယ်။
ဖျားနာခြင်းအတွက် မြက်ကြက်သွန်ပင်ပြုတ်ရည်ကို အအေးခံကာ တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများမှာ မြက်ကြက်သွန်အပင်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက်ကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် ဆီးရွှင်စေပါတယ်။
ဝဲရောဂါနဲ့ အရေပြားယားယံခြင်းများမှာ မြက်ကြက်သွန်ပင် အရွက်နဲ့ ပင်စည်တို့ကို ထုထောင်းပြီး အနှစ်ကို လိမ်းပေးနိုင်ပါတယ်။
မြက်ကြက်သွန်ပင်ဆီကို အာရုံကြောရောဂါများ၊ ရောင်ရမ်းနာကျင်ခြင်းတွေ၊ ကိုယ်လက်ကိုက်ခဲ ခြင်းများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
မြက်ကြက်သွန်ပင်ကို ရေနွေးကြမ်းအဖြစ် ပြုလုပ်ပြီး တခါသောက် ရေနွေးကြမ်းတခွက်စာကို တနေ့ ၂-၃ ကြိမ် သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားကို ကောင်းစေခြင်း၊ သွေးသန့်စင်ခြင်း၊ နာတာရှည်ရောဂါဖြစ်ပွားနိုင်ခြေကို လျော့ပါးစေခြင်း၊ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးခြင်း၊ အသည်းကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အစာလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အာရုံကြောကျန်းမာရေးကို အထောက်အကူပြုခြင်း စတဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
မြက်ကြက်သွန်ပင်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ စားသုံးတာက ဝမ်းချုပ်ခြင်း၊ လေထိုးခြင်း၊ ဆီးအလွန်အကျွံသွားခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
မြက်ကြက်သွန်ပင်နဲ့ ဓာတ်မတည့်သူတွေ မြက်ကြက်သွန်ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ မြက်ကြက်သွန်ပင်ကို ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သားသမီးရယူလိုသူ မိခင်လောင်းတွေ မြက်ကြက်သွန်ပင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူတွေ မြက်ကြက်သွန်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











