
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် သမဲ့ပင် ဆေးဖက်ဝင် အကြောင်းကို လက်လှမ်းမီဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ သမဲ့ပင်ကို သိပ္ပံလို Avicennia officinalis လို့ခေါ်ပြီး အင်္ဂလိပ်လို Indian Mangrove လို့ ခေါ်ပါတယ်။
သမဲ့ပင်မှာ tannin, flavonoid, triterpenoid,carotenoid စတဲ့ ကျန်းမာရေးအကျိုးပြုဓာတု ဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ပိုးသတ် မှိုသတ်ဆေး အာနိသင်ရှိခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း၊ လိင်စွမ်းအားကို မြှင့်တင်ပေးခြင်း၊ ဆီးရွှင်စေခြင်း၊ အဆိပ်ဖြေအာနိသင်ရှိခြင်း၊ အနာကျက်စေခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း စတဲ့ အာနိသင်များ ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ သမဲ့ပင်ရဲ့ အခေါက်၊ အမြစ်၊ အရွက်၊ အသီးနဲ့ အစေး တို့ကို သုံးစွဲကြပါတယ်။ အစာမကြေခြင်းနဲ့ အစာအိမ်မှ အက်စစ်ဓာတ်ပါတဲ့ လေချဉ်တက်ခြင်းတို့ အတွက် အပင်အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို ဇီယာစေ့မှုန့် ကော်ဖီဇွန်းဝက်နဲ့ အစာမစားမီ နာရီဝက်ခန့် ကြိုတင်ပြီး တနေ့ ၂ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။
ဝမ်းလျှောဝမ်းပျက်ခြင်းအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ ဆီးရွှင်ဆေး အာနိသင်ရှိတာကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ အပင်အခေါက် ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကိုတနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အမြစ်သွေးရည်ကို အုန်းဆီနဲ့ ရောစပ်ပြီး လိမ်းပေးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာ အားနည်းခြင်းတွေကို လျော့ပါးစေပါတယ်။
အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်းတွေမှာ အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါ၊ လေဖြတ်ခြင်းမှာ အခေါက်ကို ထုထောင်းကာ ဆီမှာစိမ်ပြီး တာရှည်နေလှန်းပြီးနောက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
သွေးစူနာ၊ ပြည်တည်နာ၊ အနာဟောင်းတွေမှာ အစေ့ကိုပြုတ်ပြီး ထုထောင်းကာ အုံပေးခြင်းဖြင့် အနာကို ပြည်မှည့်စေပြီး အနာကျက်မြန်စေပါတယ်။ အစေ့နုကို အနာစိမ်း၊ ပြည်တည်နာတွေမှာ အုံပေးခြင်းဖြင့်လည်း ပြည်ပေါက်လွယ်စေပါတယ်။
အသီးကို ထုထောင်းပြီး အကျိတ်မှာ ကပ်ပေး အုံပေးနိုင်ပါတယ်။ အခေါက်သွေးရည်ကို ဝဲနဲ့ အရေပြားရောဂါတွေမှာ လိမ်းပေးနိုင်ပါတယ်။
ရေကျောက်ရောဂါမှာ အခေါက်သွေးရည်ကို လိမ်းပေးနိုင်ပါတယ်။ အခေါက်၊ အရွက်တို့ကို ထုထောင်းကာ အနာတွေ၊ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အင်းဆက်ကိုက်ခံရတာတွေမှာ အုံပေးနိုင်ပါတယ်။
အရေပြားပိုးဝင်ခြင်းနဲ့ မှိုစွဲခြင်းတွေအတွက် အခေါက်ကို ထောင်းပြီး အုံပေးနိုင်ပါတယ်။ ထိခိုက်ရှနာတွေမှာ အခေါက်အရွက်တို့ကို လိမ်းပေး၊ အုံပေးခြင်းဖြင့် အနာကျက်မြန်စေပါတယ်။
အဆိပ်ရှိ ငါးရိုးစူးခံရခြင်းအတွက် အပင် အစေးကို အုံပေးခြင်းဖြင့် သက်သာစေပါတယ်။ အခြောက်ခံထားတဲ့ အရွက်ရေနွေးကြမ်း အသင့်အတင့်ကို တနေ့ ၂ ကြိမ်လောက် သောက်သုံးပေးခြင်းဖြင့် သွေးတွင်းအဆီ၊ သွေးတွင်း သကြားပမာဏကို လျှော့ချပေးခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါ စတဲ့နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို တားဆီးပေးခြင်း၊ ကိုယ်ခံအားကို မြင့်တက်စေတာ စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
သမဲ့ပင်ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုးမရှိပေမဲ့ အလွန်အကျွံ စားသုံးတာက အစာအိမ် မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ သမဲ့ပင်နဲ့ ဓာတ်မတည့်သူတွေ သမဲ့ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ သမဲ့ပင်မှာ သန္ဓေတားဆေး အာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သားသမီး ရယူလိုတဲ့ မိခင်လောင်းတွေ သမဲ့ပင် ဆေးဝါးတွေ သုံးစွဲတာကို ရှောင်ကြဉ်သင့်ပါတယ်။
နွေဦးပြည်သူတွေ သမဲ့ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











