DVB Logo
Home
Lead Story
နွေဦးပြည်သူတို့အတွက် မဟော်ဂနီပင် ဆေးဖက်ဝင်
သာဇဏ်
·
November 11, 2026
နွေဦးပြည်သူတို့အတွက် မဟော်ဂနီပင် ဆေးဖက်ဝင်
Donate to DVB

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မဟော်ဂနီပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။

မဟော်ဂနီပင်ကို သိပ္ပံလို Swietenia macrophylla လို့ခေါ်ပြီး အင်္ဂလိပ်လို big-leaf mahogany, sky fruit လို့ ခေါ်ကြပါတယ်။

မဟော်ဂနီပင်မှာ Swietenine, Mahagoni, Epicatechin, Gallic acid, ellagic acid, Resin glycoside စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းတွေပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း၊ အဖျားကျစေခြင်း၊ အစာခြေစနစ်အတွက် အထောက်အကူပြုခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကို ဆန့်ကျင်ခြင်း၊ ကပ်ပါးကောင်တွေကို တိုက်ဖျက်ခြင်း၊ သွေးကြောတွေကို ကာကွယ်ပေးခြင်း၊ နှလုံးကြွက်သားတွေကို အားကောင်းစေခြင်း၊ အသည်းလုပ်ဆောင်ချက်ကို အားကောင်းစေခြင်း၊ သွေးခဲခြင်း ဖြစ်စဉ်ကို နှေးကွေးစေခြင်း၊ ရောဂါပိုးမွှားများကို ဆန့်ကျင်ခြင်း၊ ဝမ်းပျော့ဆေး အာနိသင်ရှိခြင်း စတဲ့ အစွမ်းအာနိသင် ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ မဟော်ဂနီပင် အခေါက်၊ အရွက်၊ အစေ့တို့ကို သုံးစွဲကြပါတယ်။ အစာစားချင်စိတ် အားနည်းခြင်းအတွက် မဟော်ဂနီအစေ့မှုန့် ကော်ဖီဇွန်းဝက်လောက်ကို ပျားရည် ကော်ဖီဇွန်းတဇွန်း ထပ်ထည့်ပြီး ရေနွေးနဲ့ တနေ့ ၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

အူလမ်းကြောင်း သန်ကောင်/တုတ်ကောင် ရောဂါတွေမှာ အစေ့မှုန့် ကော်ဖီဇွန်းဝက်ကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် ၃ ရက် သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

ဆီးချိုရောဂါအတွက် မဟော်ဂနီအစေ့မှုန့် ကော်ဖီဇွန်းဝက်ခန့်ကို ပျားရည် ကော်ဖီဇွန်းတဇွန်း ထပ်ထည့်ပြီး ရေနွေးနဲ့ တနေ့ ၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

သွေးတိုးရောဂါမှာ မဟော်ဂနီအစေ့ ၈ ဂရမ်ခန့်ကို ရေနွေးဆူဆူ ၂ ခွက်စာပမာဏထဲသို့ ထည့်ပြီး အအေးခံကာ အရည်စစ်ယူပြီး တနေ့ ၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။

ဖျားနာခြင်း သို့မဟုတ် အအေးမိခြင်းအတွက် မဟော်ဂနီစေ့မှုန့် ကော်ဖီဇွန်းဝက်လောက်ကို ပျားရည် ကော်ဖီဇွန်းတဇွန်း ထည့်ပြီး ရေနွေးနဲ့ဖျော်ကာ တနေ့ ၃ ကြိမ် သောက်သုံးနိုင်ပါတယ်။

ဖျားနာခြင်းနဲ့ ငှက်ဖျားရောဂါအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

အဆစ်အမြစ်ရောင်ရောဂါအတွက် မဟော်ဂနီစေ့မှုန့် ကော်ဖီဇွန်းဝက်လောက်ကို ပျားရည် ကော်ဖီဇွန်း တဇွန်းထည့်ပြီး ရေနွေးနဲ့ဖျော်ကာ တနေ့ ၂-၃ ကြိမ် သောက်သုံးနိုင်ပါတယ်။

အဆစ်အမြစ်ရောင်ရမ်းနာနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်းလို အခြေအနေတွေမှာ ရောင်ရမ်းမှုနဲ့ နာကျင်ကိုက်ခဲမှုကို လျှော့ချဖို့အတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန်တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ အခေါက်ကို ထုထောင်းပြီး ရောင်ရမ်းနာကျင်တဲ့နေရာမှာ အုံပေး၊ စည်းပေးနိုင်ပါတယ်။

ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်းနဲ့ ဗိုက်နာခြင်းတွေအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ဒဏ်ရာတွေ၊ နှင်းခူ၊ ပွေး၊ အင်ပြင် အဖုအပိမ့်ထွက်ခြင်း၊ အရေပြားယားနာနဲ့ အရေပြားပိုးဝင်ခြင်း အပါအဝင် အရေပြားဆိုင်ရာ ပြဿနာအမျိုးမျိုးအတွက် မဟော်ဂနီအခေါက်သွေးရည်ကို လိမ်းပေးနိုင်ပါတယ်။

ဒဏ်ရာတွေနဲ့ အနာတွေမှာ အခေါက်ပြုတ်ရည်ကျကျကို ဖန်ဆေးအဖြစ် ဆေးကြောသန့်စင်ရာမှာ အသုံးပြုနိုင်ပါတယ်။

မဟော်ဂနီအခေါက်ကို ရေနွေးကြမ်းအဖြစ် တနေ့ ၁-၂ ကြိမ် သောက်သုံးပေးခြင်းဖြင့် ကိုယ်ခံအားစနစ် မြှင့်တင်ပေးပြီး  ကျန်းမာရေးစနစ်ကို ဟန်ချက်ညီစေပါတယ်။

မဟော်ဂနီစေ့မှုန့် ကော်ဖီဇွန်းဝက်ခန့်ဖြစ်စေ၊ အစေ့တစေ့ဖြစ်စေကို နေ့စဉ် ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆစ်ရောင်ခြင်းနဲ့ နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ပါးစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးလှည့်ပတ်စနစ်ကို ကောင်းမွန်စေခြင်း၊ သွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်ပေးခြင်း၊ သွေးတွင်းအဆီပမာဏနဲ့ သွေးကြောနံရံများမှာ အဆီစုပုံခြင်းကို လျှော့ချပေးခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

မဟော်ဂနီစေ့ကို အသင့်အတင့် စားသောက်ခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ စားသုံးတာက မူးဝေ၊ အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ မဟော်ဂနီစေ့နဲ့ ဓာတ်မတည့်သူတွေ မဟော်ဂနီပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သားသမီးရယူလိုသူ မိခင်လောင်းတွေ မဟော်ဂနီပင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နွေဦးပြည်သူတွေ မဟော်ဂနီပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013