
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ရပ်တည်ချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
အဲဒီနောက် ပုပ်ရဟန်းမင်းကြီးဟာ ရာဇဝတ်မှုတွေအပေါ် သဘောထား ပျော့ညံ့သလို နိုင်ငံခြားရေးမူဝါဒအရလည်း ဆိုးရွားလွန်းတယ်ဆိုပြီး ထရမ့်ပ်အနေနဲ့ ဆိုရှယ်မီဒီယာပေါ် ပို့စ် တင်ထားတာပါ။
ကက်သလစ် အသင်းတော်ရဲ့ အကြီးအကဲဖြစ်သူက အလွန်လစ်ဘရယ်ဆန်တဲ့အလျောက် အစွန်းရောက်-လက်ဝဲဝါဒကို မျက်နှာသာပေးနေတာတွေ ရပ်သင့်ပြီလို့လည်း ဖြည့်စွက် ပြောပါတယ်။
ဖလော်ရီဒါပြည်နယ်ကနေ အိမ်ဖြူတော်ကို လေယာဉ်နဲ့ ပြန်လာစဉ်မှာ ထရမ့်ပ် ကိုယ်တိုင် စာအရှည်ကြီးရေးပြီး ဧပြီ ၁၂ ရက်မှာ ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အလားတူ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာလည်း ထရမ့်ပ်က ပုပ်ရဟန်းမင်းကြီး လီယိုကို သဘောကျသူ မဟုတ်ပါဘူးဆိုပြီး မှတ်ချက်ပေးပါတယ်။
အစောပိုင်းမှာ ပုပ်ရဟန်းမင်းကြီးဘက်က အရာရာ စွမ်းဆောင်နိုင်တယ်ဆိုတဲ့ ထင်ယောင်ထင်မှား ဖြစ်မှုဟာဟာ အီရန်စစ်ပွဲကို မီးစာထိုးပေးရာ ရောက်ကြောင်း မိန့်ခဲ့ဖူးပါတယ်။
အခုလိုမျိုး ပုပ်ရဟန်းမင်းနဲ့ သမ္မတတွေကြား သဘောထားကွဲလွဲတာမျိုးဟာ အထူးအဆန်း မဟုတ်ပေမဲ့ တိုက်ရိုက်ရည်ညွှန်းပြီး ဝေဖန်တာကတော့ အတော်ကိုရှားပါတယ်။
ဒါ့အပြင် ပထမဆုံး အမေရိကန်နွယ်ဖွား ပုပ်ရဟန်းမင်းဖြစ်လာတဲ့ လီယိုဟာ သမ္မတထရမ့်ပ်ရဲ့ စကားလုံးအသုံးအနှုန်းနဲ့ ခြိမ်းခြောက်မှုတွေအပေါ် ပွင့်ပွင့်လင်းလင်း ပြစ်တင်ရှုတ်ချလာခဲ့သူ ဖြစ်ပါတယ်။
တချိန်တည်းမှာ ပုပ်ရဟန်းမင်းကြီးက "ကမ္ဘာကြီးရဲ့ အာရုံကို အာဖရိကဘက် လှည့်စေချင်တယ်" လို့ ၁၀ ရက်ကြာ ခရီးစဉ်အတွင်း မိန့်ကြားပါတယ်။
လက်ရှိ ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်အတွင်း အယ်လ်ဂျီးရီးယား၊ ကင်မရွန်း၊ အန်ဂိုလာနဲ့ အက်ကွေတိုရီရယ်-ဂီနီ စတဲ့ ၄ နိုင်ငံက မြို့ပေါင်း ၁၁ မြို့ကို သွားရောက်ဖို့ ရှိနေပါတယ်။
ဒါဟာ ကက်သလစ်အသင်းတော်အတွက် အာဖရိကတိုက်ရဲ့ အရေးပါမှု ပိုမိုကြီးထွားတာကို ပြသနေတဲ့အပြင် ဘာသာဝင်အရေအတွက် တိုးတက်မှု အမြန်ဆုံး ဒေသတွေထဲက တခုအနေနဲ့ပါ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာတဝန်းက ကက်သလစ်ဘာသာဝင် ၅ ပုံ ၁ ပုံကျော် ၊ ယုံကြည်သူဦးရေ ၂၈၈ သန်းလောက်ဟာ အာဖရိကတိုက်မှာ နေထိုင်နေတာကို အတည်ပြုထား ပါတယ်။
Source: Reuters










