
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကနေဒါနိုင်ငံကနေ တင်သွင်းလာမဲ့ ကုန်စည် အများအပြား ကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း အသစ်ထပ်ကောက်ဖို့ ဇူလိုင် ၂၁ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။
ဒါဟာ ကနေဒါပြည်နယ်အများစုမှာ အမေရိကန်ထုတ် ကားတွေ၊ အရက်တွေနဲ့ နို့ထွက်ပစ္စည်းတွေ အပေါ် သပိတ်မှောက်ထားတာကြောင့် “တန်းတူဆက်ဆံမှု” မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလိုမျိုး တုံ့ပြန့်ခဲ့တာပါ။
အဲဒီ အခွန်စည်းကြပ်မှုဟာ ရက်ပေါင်း ၃၀ အတွင်း စတင်အသက်ဝင်မှာဖြစ်ပြီး ဝိုင်၊ ဘိလပ်မြေနဲ့ ဟော်ကီရိုက်တုတ်အပါအဝင် ဒေါ်လာဘီလီယံ ၂၀ နီးပါး တန်ကြေးရှိတဲ့ ကုန်ပစ္စည်းတွေ အကျုံးဝင် ပါတယ်။
လက်ရှိမှာ မြောက်အမေရိက အိမ်နီးချင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးအခြေအနေ တင်းမာနေပေမဲ့ လည်း ပိုတက်ဆီယမ် (Potash) ဓာတ်မြေသြဇာနဲ့ အရေးပါတဲ့ တွင်းထွက်သတ္တုအပါအဝင် စွမ်းအင်နဲ့ ငါးထုတ်ကုန်လိုမျိုး အဓိကပို့ကုန်တချို့တော့ ကင်းလွတ်ခွင့်ပေးထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန် စတဲ့ ၃ နိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် USMCA အရ အခွန်စည်းကြပ်မဲ့ ကုန်စည်တွေ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည် ဖြစ်စေ သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။
ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေးကတော့ ဒါဟာ USMCA သဘောတူညီချက်ကို “တိုက်ရိုက်ချိုး ဖောက်တာ”ဖြစ်ပြီး အမေရိကန်နဲ့ ဆွေးနွေးမှုတွေ တိုးမြှင့်သွားဖို့ရာ အသင့်ရှိကြောင်း ပြောထားပါတယ်။
ဒါ့အပြင် “ကနေဒါနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ခြိမ်းခြောက်မှုတွေ ရှိနေတယ်” ဆိုပြီး ကာနေးက ဖြည့်စွက်ပြောပါတယ်။
ကနေဒါဟာ အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပေမဲ့လည်း ၅၁ ခုမြောက် ပြည်နယ်အဖြစ် သွတ်သွင်းဖို့ ထရမ့်ပ်အနေနဲ့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
တချိန်တည်းမှာပဲ ကနေဒါတောမီးကြောင့် အမေရိကန်မြို့ကြီးတွေဆီ မီးခိုးငွေ့တွေ လွင့်ပျံလာချိန်က တည်းက အခွန်စည်းကြပ်မဲ့ကိစ္စကို ထရမ့်ပ်ကိုယ်တိုင် ပြောဆိုလာခဲ့တာပါ။
မနှစ်တုန်းက ထရမ့်ပ်ရဲ့ အခွန်ကောက်ခံမှုတွေကို လက်တုံ့ပြန်ခဲ့တာ ဆိုရင်လည်း တရုတ်နဲ့ ကနေဒါ ၂ နိုင်ငံသာ ရှိတယ်ဆိုပြီး အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
၂၀၂၆ ဖေဖော်ဝါရီလ အရောက်မှာတော့ အမေရိကန်တရားရုံးချုပ်က သမ္မတဖြစ်သူဟာ သူ့လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်နေတယ်ဆိုပြီး ထရမ့်ပ် ချမှတ်ထားတဲ့ နိုင်ငံတကာ စည်းကြပ်ခွန်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။
Source:Reuters











