
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ဈေးကြီးအတွင်း နတ်စင်လမ်းရှိ တိုက်ခန်းတခုထဲမှာ တရားမဝင် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်ဖွင့်လှစ်နေတဲ့ ကျားဖြန့်ဂိုဏ်းတခုကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ထိုင်းနိုင်ငံသား ၂ ယောက်တို့ကို သက်သေခံပစ္စည်း အမြောက်အမြားနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
မဲဆောက်မြို့၊ မဲဆောက်အုပ်စု၊ ဘန်ထုန်းလမ်းမှာရှိတဲ့ (Nakhon Mae Sot Mansion အမှတ် ၂၃/၇ တိုက်ခန်းမှာ ထိုင်းနိုင်ငံသားတွေ၊ တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသား အများအပြား စုပေါင်းငှားရမ်း နေထိုင်နေကြတာ ဖြစ်ပါတယ်။
သူတို့ဟာ ကွန်ပျူတာနဲ့ အီလက်ထရွန်နစ် ပစ္စည်းအမြောက်အမြားကို အခန်းထဲ သယ်ဆောင် သွားကြတာမို့ အွန်လိုင်းလောင်းကစားဝိုင်း ဖွင့်ထားတယ်လို့ သံသယရှိကြောင်း ဒေသခံတွေက သတင်းပေး တိုင်ကြားခဲ့တာပါ။
ဒါကြောင့် ဇွန် ၂၃ ရက် မနက် ၈ နာရီအချိန်မှာ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချင်းနကွန်း အွတ်သဝဖူးမ်ရဲ့ ညွှန်ကြားချက်အရ၊ ဒုရဲမှူးကြီး မွန်ထရီ အင်ပရောင်းနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဟာ မဲဆောက်ခရိုင် တရားရုံးရဲ့ ရှာဖွေဝရမ်းနဲ့အတူ အဲဒီနေရာကို ပိတ်ဆို့ရှာဖွေခဲ့ကြပါတယ်။
အဲဒီအခန်းကို ဝင်ရောက်ရှာဖွေတဲ့အချိန်မှာ ကွန်ပျူတာမျက်နှာပြင် ရှေ့တင်ပဲ သုံးစွဲသူ (Customer) တွေကို ပြန်လည်ဖြေကြားတာ၊ ငွေသွင်းငွေထုတ် လုပ်ပေးတာနဲ့ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်အတွက် ကြော်ငြာစာတိုတွေ ပေးပို့တာ စတဲ့ Admin အလုပ်တွေကို လုပ်နေကြတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ပစ္စည်းတွေကို လက်ပူးလက်ကျပ် ဖမ်းဆီးရမိခဲ့တာပါ။
ဒီအွန်လိုင်း လောင်းကစားလုပ်ငန်းမှာ ဘတ် ၇ သန်းကနေ ၈ သန်း (မြန်မာကျပ်ငွေ သန်းပေါင်း ရာနဲ့ချီ)အထိ ငွေကြေးလည်ပတ်မှု ရှိနေတာကို စစ်ဆေးတွေ့ရှိရပါတယ်။ ဖမ်းဆီးမှုဖြစ်စဉ်မှာ ထိုင်းနိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၇ ယောက်၊ စုစုပေါင်း ၉ ယောက် ကို ဖမ်းဆီး ရမိခဲ့ပါတယ်။
သက်သေခံပစ္စည်းတွေအဖြစ် Desktop ကွန်ပျူတာ ၁၃ စုံ၊ လက်ပ်တော့ပ်ကွန်ပျူတာ (Notebook) ၇ လုံး၊ မိုဘိုင်းလ်ဖုန်း ၃၃ လုံး၊ ဘဏ်စာအုပ် ၂၉ အုပ်၊ ATM ငွေထုတ်ကတ် ၂၆ ကတ်နဲ့ အခြား အီလက်ထရွန်နစ် ဆက်စပ်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူ ၉ ယောက်ကိုတော့ ၁၉၃၅ ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၁၂ အရ "ခွင့်ပြုချက်မရှိဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အများပြည်သူကို လောင်းကစားပြုလုပ်ဖို့ လှုံ့ဆော်တာ၊ ဖိတ်ခေါ်တာနဲ့ စီစဉ်ပေးတာ" စတဲ့ ပြစ်မှုတွေနဲ့ မဲဆောက်မြို့မ ရဲစခန်းကို လွှဲပြောင်းပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ ထိန်းသိမ်းထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကနဦး စုံစမ်းစစ်ဆေးချက်အရ ဒီလုပ်ငန်းရဲ့ နောက်ကွယ်မှာ အမိန့်ပေးစေခိုင်းသူတွေ၊ ကွင်းဆက်ဂိုဏ်းဝင်တွေ ရှိနေပါသေးတယ်။ အဲဒီထဲမှာ ထိုင်း၊ မြန်မာနဲ့ တရုတ်နိုင်ငံသားတွေ ပါဝင်နေပြီး လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် သူတို့ကိုပါ ထပ်မံဖမ်းဆီးနိုင်ဖို့ အတွက် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်တိုးမြှင့် လုပ်ဆောင်နေပါတယ်။
ဒီစီးနင်းမှုကိုတော့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဌာနချုပ် (CIB) ရဲ့ မူဝါဒဖြစ်တဲ့ "နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ပြီး ရာဇဝတ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို ပြတ်ပြတ်သားသား နှိမ်နင်းရမယ်" ဆိုတဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။










