DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် ထိုင်းလေတပ်က F-16 တိုက်လေယာဉ်ဖြင့် ကင်းလှည့်ပျံသန်း
DVB
·
November 2, 2026
Photo:  Royal Thai Air Force
Photo:  Royal Thai Air Force
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ပေါ် အပါအဝင် နယ်စပ်တလျှောက်မှာ ထိုင်းဘုရင့်လေတပ်က F-16 တိုက်လေယာဉ်တွေနဲ့ နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီလောက်က စစ်ဆင်ရေး ကင်းလှည့်ပျံသန်းမှုတွေ ပြုလုပ်ခဲ့ပြီး မစ်ရှင်အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ထိုင်းလေတပ်က ထုတ်ပြန်ပါတယ်။

ထိုင်းလေတပ် ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်ချုပ် ဆာရန်း ဝတ်ထနာဆရီမွန်ခွန်က အဆိုပါ F-16 တိုက်လေယာဉ်တွေဟာ နခွန်စဝမ်မြို့ရှိ အမှတ် (၄) လေပိုင်စု၊ အမှတ် (၄၀၃) လေယာဉ်အုပ်ရဲ့ အရေးပေါ် ပြင်ဆင်ထားတဲ့ တပ်ဖွဲ့ကနေ လေကြောင်းရန် ကာကွယ်ရေး အရေးပေါ်စနစ် (QRA) အတိုင်း ပျံသန်းခဲ့တာလို့ ပြောပါတယ်။

ဒီစစ်ဆင်ရေးဟာ ထိုင်းနိုင်ငံရဲ့ လေကြောင်းစွမ်းအားနဲ့ အမြဲမပြတ် ပြင်ဆင်ထားမှုကို ပြသတဲ့ စံချိန်စံညွှန်းမီ အစီအစဉ်တခုဖြစ်ပြီး၊ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အားလုံးက လေးစားလိုက်နာဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံရဲ့ တောင်းဆိုချက်ကို ပိုမို ခိုင်မာစေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဘယ်နိုင်ငံမဆို စစ်ရေးအရ အင်အားသုံးစွဲမှုဟာ သင့်တင့်လျောက်ပတ်မှု ရှိရမှာဖြစ်ပြီး တခြားနိုင်ငံတွေကို ထိခိုက်နစ်နာအောင် ဒါမှမဟုတ် နယ်မြေ ကျူးကျော်တာမျိုး မလုပ်ရဘူးဆိုတဲ့ မူဝါဒကို ထိုင်းနိုင်ငံနဲ့ ထိုင်းလေတပ်က အစဉ်တစိုက် လိုက်နာခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းလေတပ်အနေနဲ့ နိုင်ငံပိုင် လေပိုင်နက်ကို ၂၄ နာရီပတ်လုံး စောင့်ကြည့် ကာကွယ်ပေးနိုင်စွမ်း ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ယုံကြည်မှု ရှိကြဖို့နဲ့ ထိုင်းလေပိုင်နက်နဲ့ အချုပ်အခြာအာဏာကို စွမ်းအားရှိသမျှ ကာကွယ်သွားမယ်လို့လည်း ထိုင်းလေတပ် ပြောခွင့်ရသူက အတည်ပြု ပြောကြားခဲ့ပါတယ်။

မဲဆောက်တဖက်ခြင်း မြန်မာနိုင်ငံ မြဝတီမြို့နယ်ထဲမှာ စစ်အာဏာရှင်တပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ပစ်ခတ်တဲ့ ကျည်တွေ ထိုင်းနိုင်ငံဘက် ကျရောက်ခဲ့ပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တင်းကျပ်စောင့်ကြည့်နေတာပါ။

အောက်တိုဘာ ၃၁ ရက် ညပိုင်းက ကရင်ပြည်နယ်အတွင်းရှိ KNU စစ်ရေးစခန်းတခုကို စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တဲ့ ပေါက်ကွဲအားကြောင့် သံလွင်မြစ် တဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲဆမ်လပ် ကျေးရွာအုပ်စုအတွင်းရှိ နေအိမ် ၁၇ လုံးနဲ့ အများပိုင် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် မဲဆမ်လပ် ကျေးရွာအုပ်စုအတွင်းရှိ နေအိမ် ၁၇ လုံးရဲ့ ပြတင်းပေါက် မှန်များ ကွဲအက်တာ၊ နံရံနဲ့ မျက်နှာကြက်တွေ ပျက်စီးတာတို့ ဖြစ်ပွားခဲ့သလို မဲဆမ်လပ် တိုက်နယ်ဆေးရုံ၊ ခရစ်ယာန် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ ဗလီ၊ ကလေးသူငယ် ဖွံ့ဖြိုးရေးစခန်းနဲ့ ခရီးသွားဝန်ဆောင်မှု ရုံးအဆောက်အအုံတွေပါ ဗုံးစထိမှန်တာနဲ့ ပေါက်ကွဲအားကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဒီနောက် နိုဝင်ဘာ ၁ ရက် မနက်ပိုင်းမှာ မဲဆမ်လပ် သံလွင်မြစ်ဆိပ်ကမ်းဟာ တိတ်ဆိတ်နေပြီး ဆိုင်ခန်းတွေ ပိတ်ထားရသလို လှေပြေးဆွဲမှုတွေကိုလည်း ယာယီ ရပ်ဆိုင်းထားခဲ့ရပါတယ်။

မဲဆမ်လပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖုန်းပိပတ် မီဘင်ဂျာမတ် စစ်ဘက်နဲ့ နယ်စပ်ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ထိုင်းအစိုးရအနေနဲ့ ထိရောက်တဲ့ အကာအကွယ်ပေးမှုတွေ ပြုလုပ်ပေးဖို့နဲ့ နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ မြန်မာစစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်ပေးရန် တောင်းဆိုထားပါတယ်။

လက်ရှိမှာ ထိုင်းလုံခြုံရေး အာဏာပိုင်တွေဟာ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာစစ်အာဏာရှင်အစိုးရထံ တရားဝင် ကန့်ကွက်စာ ပေးပို့ဖို့ ပြင်ဆင်နေကြသလို၊ ဒေသခံတွေ အတွက် ဘေးလွတ်ရာ စခန်း ၃ ခုနဲ့ ဗုံးခိုကျင်းများ ပြင်ဆင်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရပါတယ်။

Source: Bangkok Post/ The Nation

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013