
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ထားလဲ-နန်းဖဲလမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က မတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
KNDF ပြန်ကြားရေး တာဝန်ရှိသူက “စစ်ကောင်စီက ဖရူဆို၊ ထားလဲ၊ နန်းဖဲ၊ ဘောလခဲအထိ တောက်လျှောက် စစ်ကြောင်းတွေထိုးနေတယ်။ သူတို့ယာဉ်တန်းတွေ ဖြတ်သန်းသွားလာတာ လုပ်နေတယ်။ အဲဒီယာဉ်တန်းတွေကို လိုက်ပြီး လုံခြုံရေးယူပေးတဲ့ စစ်ကြောင်းတွေက လမ်းမကြီးဘေး ဝဲ၊ ယာ ကို လိုက်ပြီး စစ်ကြောင်းဖြန့်ပြီး ထိုးတာဖြစ်တယ်” လို့ ပြောပါတယ်။
မတ် ၁၇ ရက်က ထားလဲ-နန်းဖဲလမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုးပြီး လမ်းလုံခြုံရေးယူနေတဲ့ စစ်တပ်ကို တော်လှန်ရေးအင်အားစုက ကြားဖြတ်တိုက်ခိုက်လို့ စစ်တပ်ဘက်က ၇ ယောက် သေဆုံးပြီး သေနတ် ၅ လက်ကိုလည်း သိမ်းဆည်းရမိသလို စစ်တပ်ဘက်က ထိခိုက်သူတွေလည်း များတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း နန်းဖဲကျေးရွာနားက စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ချိန် စစ်တပ်ဘက်က သေဆုံးသူတွေရှိနေပြီး သေနတ် ၁ လက်ကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
မြေပြင်ရဲဘော်တယောက်က “ရန်နိုင်မင်းစစ်ကြောင်း ဆိုပြီး စစ်ကြောင်းထိုးနေတာ၊ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်တာလည်း ရှိတယ်။ စစ်ရေးအသေးစိတ်ကတော့ ပြောလို့မရဘူး၊ ဒရုန်းနဲ့ ကြဲတာတော့ ဆက်တိုက်ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်းကို စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက်က မြို့တွေကို ထိန်းချုပ်နိုင်နေပြီလို့ ပြောဆိုနေပေမဲ့ မြေပြင်မှာတော့ စစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံနေရပြီး စစ်တပ်ဘက်က သေဆုံးတာ၊ စစ်ယာဉ်တွေ တိုက်ခိုက်ခံရတာ၊ စစ်ကြောင်းတွေ ချေမှုန်းခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်တပ်က အထိနာနေတာကြောင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေ၊ အရပ်သား ပြည်သူတွေရှိရာ နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိထားကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက အသိပေးတိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့မှာ ဖရူဆို- ထားလဲလမ်းမကြီးပေါ်စစ်ကြောင်းထိုးလာတဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ချိန် စစ်တပ်ဘက်က ၃ ယောက်သေဆုံးပြီး ဘက်ဟိုး (မြေကော်စက်)လည်း ပျက်စီးခဲ့ပါတယ်။











