
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ရတယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြုပါတယ်။
အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ဖရူဆိုအရှေ့ခြမ်းက ကျေးရွာထဲကို ဒရုန်းနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ပျက်စီးရတာလို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက "ကျေးရွာအထဲကို ကြဲတာ၊ ကေးလျားမြို့နယ်ဘက်ခြမ်းကို လာကြဲတာ အိမ်ပျက်စီးရတာပေါ့။ လူထိခိုက်မှုတော့မရှိဘူး။ ခုရက်ပိုင်းက တောက်လျှောက်ကို ကြဲတာ၊ ဒီးမော့ဆိုတခွင်၊ ဖယ်ခုံအစပ်၊ စစ်ရေးတင်းမာနေတဲ့ မိုးဗြဲနဲ့ နန်းမယ်ခုံကို ဒရုန်းကြဲတာတွေရှိနေတယ်" လို့ ပြောပါတယ်။
စစ်တပ်က စစ်ရေးတင်းမာနေတဲ့ မိုးဗြဲမြို့နယ် အနီးတဝိုက်ကိုလည်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ နေ့စဥ်နီးပါးဗုံးကြဲနေသလို စစ်ဖြစ်ပွားမှုမရှိတဲ့ ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ် တို့ကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတာ၊ လေကြောင်းကနေ ပတ်ကြဲတာတွေ မကြာခဏပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်အမျိုးသမီးတယောက်က "ခုနောက်ပိုင်းက ဒရုန်းနဲ့တအားကြဲတယ်။ သူတို့ဒရုန်းကလည်း တန်ဖိုးမနည်းဘူးဖြစ်မယ်။ ဒရုန်းက လေယာဥ်ထက်စာရင် အရမ်းအဝေးကြီး မပြေးပေမဲ့ သူတို့က နီးလာတော့ ဒရုန်းတအားသုံးလာတယ်"လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ကြောင့် ၅ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ်က ပြည်သူလူထုတွေရဲ့နေအိမ်ပေါင်း ၃၄၄၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူအင်အားစု PKPF က အောက်တိုဘာလ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။











