
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ထဲက ကျေးရွာတခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ပြည်သူ ၂ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်းရှိတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက စက်တင်ဘာ ၂၆ ရက် ဒီနေ့ ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်၊ ညနေ ၃ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၂ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၄ လုံးလောက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “ရွာကို ၂ ကြိမ် ဗုံးကြဲတယ်၊ ပထမတကြိမ်က အမျိုးသား ၂ ဦး သေဆုံးတယ်။ နောက်တကြိမ်ဝဲပြီး ကြဲတယ်ပေါ့၊ အဲဒီနောက် လက်နက်ကြီးနဲ့ ထပ်ပစ်တယ်။ အဲအချိန်မှာ ထိခိုက်မိသူတွေလည်းရှိတယ်။ နေအိမ်က ၃ လုံး၊ ၄ လုံးလောက်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ ၂၀၂၆ ခုနှစ်အတွင်းမှာ အရပ်သားပြည်သူတွေရှိရာနေရာကို ရည်ရွယ်ချယ်ရှိရှိ တိုက်ခိုက်မှုတွေ ပိုလုပ်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်တို့ကို လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေလို့ ထိခိုက်မိသူ၊ သေဆုံးရသူ တွေလည်း ရှိနေပါတယ်။










