
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အာဏာရှင်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်က ပြောပါတယ်။
အောက်တိုဘာ ၁ ရက် ည ၁၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ပြီး ၂ ရက် မနက်ပိုင်းမှာလည်း ဒရုန်းနဲ့ အသေခံဒရုန်းအသုံးပြုပြီး တိုက်ခိုက်တာတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ရှောင်အရေးကူညီပေးသူက "မနေ့ညက လေယာဥ်ကြဲတာ ၄ လုံး၊ အခုမနက် ဒရုန်းနဲ့ ၂ လုံး၊ အသေခံဒရုန်းနဲ့ ၂ လုံး။ အထိခိုက်က အတိအကျ မသိရသေးဘူး။ ခုချိန်ထိ လေယာဥ် ပတ်နေတုန်းပဲ"လို့ ပြောပါတယ်။
စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူတွေရှိရာနေရာကို ပိုမို တိုက်ခိုက်လာတာ ကြောင့် စစ်ရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရပြီး ဗုံးခိုကျင်းထဲပဲ နေနေရတယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း၊ စက်သေနတ်တို့ကြောင့် စက်တင်ဘာလအတွင်း ကရင်နီပြည်နယ်က စစ်ရှောင်နဲ့ အရပ်သားပြည်သူ ၁၅ ယောက်သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ မော်ချီးဒေသကို လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲပြီး စစ်ရေးအတွက် နေရာချဲ့ထွင် နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။










