
ရခိုင်ပြည်နယ်မှာ ဇူလိုင်လအတွင်း စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၂၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၈ ယောက်အထိ ရှိခဲ့တယ်လို့ DVB က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ သံတွဲမြို့နယ်က ၇ ယောက်၊ တောင်ကုတ်မြို့နယ်က ၅ ယောက်၊ ဂွမြို့နယ်က ၄ ယောက်၊ မောင်တောမြို့နယ်က ၄ ယောက်၊ ဘူသီးတောင်မြို့နယ်က တယောက်တို့ ဖြစ်ကြပြီး အဲဒီအထဲမှာ ကလေးငယ် ၅ ယောက်၊ အမျိုးသမီး ၆ ယောက်၊ အမျိုးသား ၆ ယောက်နဲ့ စစ်သုံ့ပန်း ၄ ယောက်တို့ ပါဝင်ကြပါတယ်။
ဒဏ်ရာရရှိသွားသူတွေမှာ သံတွဲမြို့နယ်က ၃၄ ယောက်၊ တောင်ကုတ်မြို့နယ်က ၂၂ ယောက်၊ ပုဏ္ဏားကျွန်းမြို့နယ်က ၃ ယောက်၊ ဘူးသီးတောင်က ၆ ယောက်၊ ဝီရဌာနီ(ပေါက်တော) က ၂ ယောက်၊ ဂွမြို့က ၂ ယောက် ဖြစ်ကြပြီးတော့ အဲဒီအထဲမှာ ကလေးငယ် ၁၆ ယောက်၊ အမျိုးသမီး ၁၈ ယောက်၊ သံဃာတော် ၃ ပါးနဲ့ အမျိုးသား ၃၁ ယောက်တို့ အသီးသီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်စာရင်းတွေကို မသိရသေးတဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုလည်း တိုက်ခိုက်မှုတွေ အများကြီး ပြုလုပ်ခဲ့ပါသေးတယ်။
ဇူလိုင် တလအတွင်းမှာ စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနီ(ပေါက်တော)၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ် ၁၀ ခုကို နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းကနေ လေယာဉ်တွေ အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
သံတွဲမြို့နယ် တခုတည်းကို တလအတွင်းမှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ဒေသတွင်း ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရရှိသူ အများဆုံးဖြစ်ခဲ့ပြီး ဒေသခံတွေဟာ စိတ်ပိုင်းဆိုင်ရာ အဆိုးရွားဆုံးအခြေအနေတွေ ရင်ဆိုင်နေကြရတယ်လို့ ငပလီမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျနော်တို့ သံတွဲက ဇူလိုင်လမှာ လေကြောင်း ဗုံးကြဲခံရတဲ့ အများဆုံးမြို့ ဖြစ်တယ်။ သံတွဲမြို့ရော ငပလီမြို့ပါ ဗုံးအကြိမ်ကြိမ် တိုက်ခိုက်ခံရတာ။ ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေထဲလည်း အများဆုံးဖြစ်တယ်။ မိတ်ဆွေရင်းချာတွေ သေဆုံးမှုတွေထဲ ပါသွားကြတော့ အရမ်း စိတ်ထိခိုက်ကြရတယ်။ အခုလည်း ဂျက်သံကြားရင် ကလေးတွေဆိုရင် အော်ငိုကြတော့တာပါပဲ။ သံတွဲနေ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်နေမှုတွေဟာ အရမ်းဆိုးရွားနေကြတဲ့ အနေအထားမှာ ရှိတယ်။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က သူတို့ဆုံးရှုံးမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တဲ့အခါ လေယာဉ်တစီးတည်းနဲ့ ဗုံးကြဲတဲ့ပုံစံမျိုးထက် ဂျက်ဖိုက်တာ အနည်းဆုံး ၃ စီးနဲ့ Y-12 တစီး လာပြီး ဗုံးအလုံးရေ ၃၀ ကနေ ၆၀ အထိ တိုက်ခိုက်မှုပုံစံတွေ ပြောင်းလဲလာတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော် (AA) နဲ့တိုက်ပွဲတွေမှာ အထိနာနေတာ၊ ငြိမ်ချမ်းရေးဖိတ်ခေါ်မှု ငြင်းပယ်ထားတာတွေကြောင့် ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို အကျပ်ကိုင်ခဲ့သလို အရပ်သား ပစ်မှတ်တွေကို ဗုံးကြဲပြီး အာရက္ခတပ်တော်ကို စစ်ရေးအရ ဖိအားပေးလာတာလို့ ရခိုင် စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။
“စစ်တပ်က ရှမ်းမြောက်က MNDAA တို့၊ TNLA တို့ကို အပစ်ရပ်ဖို့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီး ငြိမ်ချမ်းရေးဆွေးနွေးဖို့ ဖိအားပေးခဲ့တဲ့ ပုံစံမျိုးလို ရခိုင်မှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ရေးအရ ဖိအားပေးလာတာလို့ မြင်တယ်။ အထူးသဖြင့် အာရက္ခတပ်တော်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ အထိနာနေတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ငြင်းထားလို့ အရပ်ဘက်ကို ပစ်မှတ်ထား တိုက်ခိုက်ပြီး ဖိအားပေးနေတာ။ ဒီလို ယုတ်မာတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးယူရင်လည်း ခဏတာသာဖြစ်နိုင်ပြီး အလုံးစုံ ငြိမ်းချမ်းမှုက မရှိနိုင်ဘူး။”
စစ်အာဏာရှင်တပ်ဟာ ဩဂုတ်လဆန်းပိုင်းမှာလည်း သံတွဲ၊ ကျောက်ဖြူနဲ့ မြောက်ဦးတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်အနေနဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားပေမဲ့လည်း တခြားတဖက်မှာ အရပ်သားပစ်မှတ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာကြောင့် အပြောနဲ့ အလုပ် ကိုက်ညီမှုမရှိဘဲ မေးခွန်ထုတ်စရာတွေ ဖြစ်နေတယ်လို့ အာရက္ခတပ်တော်ဘက်က တုံ့ပြန်ထားပါတယ်။
Photo: APM










