
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ စစ်ကောင်စီရဲ့ ရွှေမြင်တင် အမှတ် ၆ လေ့ကျင့်ရေးတပ်မှာ စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းထားတဲ့ လူငယ် ၇ ယောက် ထွက်ပြေးသွားပြီး ၂ ယောက် ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မတ် ၁၇ ရက် ညပိုင်းမှာ ထွက်ပြေးသွားတဲ့ စစ်မှုထမ်း တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းထားတဲ့ အထဲက လူငယ် ၂ ယောက်ကို ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) အနီး ဇင်ပြွန်ကုန်းကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာဘက်ကို ထွက်ပြေးတဲ့လမ်းမှာ မတ် ၁၈ ရက် မနက်ပိုင်းက ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး ၅ ယောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “သတင်းပေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ သတင်းပေးချက်ကြောင့် ၂ ယောက် ပြန်အဖမ်းခံရတာ။ စစ်မှုထမ်းဖို့ စုဆောင်းထားတဲ့ လူငယ်တွေချည်းပဲ။ တပ်ကြပ်ကြီးတွေနဲ့ ပြည်သူ့စစ်တွေ ဖမ်းခေါ်ခဲ့တာ။ ရေနဲ့ဖျန်း လိုက်ရိုက် လိုက်လုပ်နေတယ်” လို့ ပြောပါတယ်။
အဓမ္မစုဆောင်းခံရပြီး ထွက်ပြေးသွားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဟာ ပုသိမ်၊ လေးမျက်နှာ၊ ဓနုဖြူ၊ ကျောင်းကုန်း စတဲ့မြို့နယ်တွေကနေ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေက အဓမ္မဖိအားပေး ခေါ်ယူစုဆောင်း ပို့ဆောင်ထားသူတွေလို့ သိရပါတယ်။
ဒါ့အပြင် ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ စစ်မှုထမ်း လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေက အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ထိတ်ခတ်ကာ ရိုက်နှက် စစ်ဆေးနေတယ်လို့ သိရပါတယ်။










