DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်နှင့် မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံမှုကို လူ့အခွင့်အရေးအဖွဲ့များ ကန့်ကွက်ဆန္ဒပြ
စိုးသူအောင်
·
October 8, 2026
Photo: MAA
Photo: MAA
Donate to DVB

မြန်မာစစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ်က ကြိုဆိုတွေ့ဆုံခဲ့တဲ့အပေါ် မြန်မာနဲ့ မလေးရှား တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ 

မလေးရှားဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ အောက်တိုဘာ ၇ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုခဲ့ပါတယ်။ 

အဲဒီနောက် သီးသန့်တွေ့ဆုံချိန်မှာတော့ စီးပွားရေး၊ အလုပ်သမားရေးရာနဲ့ မလေးရှားမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ရေယာဉ်တွေနဲ့ နေရပ်ပြန်ခေါ်ရေးကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီလို တွေ့ဆုံပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာတော့ မလေးရှားဝန်ကြီးချုပ်က “ခင်ဗျားအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိရုံတင်မကဘဲ၊ တခြားသော အယူအဆ သဘောထားတွေကို ညှိနှိုင်းလက်ခံပေးဖို့၊ နားထောင်ပေးဖို့နဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပေးဖို့လည်း လိုလိုလားလား ရှိခဲ့ပါတယ်။ ခုလို သမ္မတအနေနဲ့ လာရောက်လည်ပတ်မှုနဲ့အတူ၊ မလေးရှားနိုင်ငံဘက်က ကျနော်တို့အနေနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ရေးနဲ့ နောက်ဆုံးမှာ မြန်မာနိုင်ငံကို ခွဲခြားဆက်ဆံမှု မရှိဘဲ ကျနော်တို့ အသိုက်အဝန်းဝင် နိုင်ငံတခုအဖြစ်၊ အထူးသဖြင့် အာဆီယံအဝန်းအဝိုင်းထဲမှာ ပါဝင်လာစေရေးအတွက် တတ်နိုင်သမျှ အရာအားလုံးကို ဆောင်ရွက်သွားမယ်လို့ ပြောပါရစေ”လို့ ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ်က မြန်မာ့အရေးကို စစ်အာဏာရှင်နဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှ ရလဒ်ထွက်နိုင်မယ်လို့ ကာကွယ်ပြောဆိုသွားသလို၊ မလေးအစိုး ရပြောခွင့်ရသူကလည်း ဒီတွေ့ဆုံမှုဟာ မြန်မာစစ်တပ်ကို အသိမှတ်ပြုတာမဟုတ်ဘဲ မလေးရှားမှာရှိတဲ့ မြန်မာဒုက္ခသည်တွေအရေး ဖြေရှင်းဖို့ ရည်ရွယ်တာလို့ဆိုပါတယ်။

တဖက်မှာတော့ မလေးရှားရောက် မြန်မာတွေ၊ မလေးရှားအခြေစိုက် NGO တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွ ပူးပေါင်းပြီး ဒီခရီးစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မလေးရှားလွှတ်တော်အမတ် ကိုယ်တိုင် တက်ရောက်အားပေးခဲ့တဲ့ ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ Myanmar Affairs Alliance တာဝန်ရှိသူ ကိုမာရီယိုက “မလေးရှားအစိုးရကို တောင်းဆိုတာကတော့ စစ်ကောင်စီနဲ့ လုပ်တဲ့ ကတိကဝတ်တွေ၊ အပေးအယူတွေက မလေးရှားနိုင်ငံအတွက် ဘယ်လို အကျိုးစီးပွားမှရှိမှာ မဟုတ်ဘူး။ ပြီးတော့ ကတိကဝတ်တွေကလည်း ပြည်သူတွေကပေးတဲ့ ကတိကဝတ်တွေ မဟုတ်ဘဲနဲ့  မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း ဒီကတိကဝတ်တွေကို အချိန်ကာလ ဘယ်လောက်အထိ ထိန်းသိမ်း ပေးနိုင်မယ်ဆိုတဲ့ အာမခံချက်ရှိမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ အာဏာရှိသူအချင်းချင်း စကားပြောလိုက်ရုံနဲ့ ဒေသတွင်း လူ့အခွင့်အရေးပြဿနာ၊ ဒုက္ခသည်ပြဿနာ တရားမဝင် ရွှေ့ပြောင်းနေထိုင်ရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ မမှတ်ယူသင့်ပါဘူး ဆိုတဲ့အကြောင်း မလေးရှားအစိုးရကို ကျနော်တို့က သတိပေးတိုက်တွန်းတာ ဖြစ်ပါတယ်ခင်ဗျ။ အာဏာရှိတဲ့သူအချင်းချင်း ဆုံးဖြတ်တာက ကျနော်တို့ တကယ့် ပြည်သူတွေရဲ့ခံစားနေရတဲ့ ဒုက္ခကို ပေါ်လွင်စေမှာမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံသားတွေကို သေတွင်းထဲ ပြန်ပို့တဲ့လမ်းကိုပဲ  ပြောရမယ် ဆိုရင်ရောက်စေမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ကွာလာလမ်ပူမြို့မှာ အောက်တိုဘာ ၈ ရက် ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ 

အဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းထားတဲ့ Myanmar Affairs Alliance (MAA) က စီစဉ်တဲ့ ဒီဆန္ဒပြပွဲမှာ မလေးရှားလွှတ်တော်အမတ်ဟောင်း ဝမ်ချန်း၊ မလေးရှားလူ့အခွင့်အရေးအရပ်ဘက်အဖွဲ့တွေနဲ့ မလေးရှားရောက် မြန်မာနိုင်ငံသား နွေဦးတောာ်လှန်ရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၂၆ ခုနှစ် မေလက ချမှတ်ခဲ့တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ချိုးဖောက်တာမဟုတ်ဘူးလို့ မလေးရှားဘက်က ပြောထားပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ် ထားနေတဲ့ မြန်မာစစ်တပ်ကို အခုလို တရားဝင် လက်ခံတွေ့ဆုံတာဟာ စစ်အုပ်စုရဲ့ နိုင်ငံရေး ထောင်ချောက်ထဲ ဝင်သွားတာဖြစ်တယ်လို့  SCEF ပြောခွင့်ရသူ၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မှတ်ချက်ပြုပါတယ်။

“စစ်ရာဇဝတ်မှုတွေကို ကြိမ်ကြိမ်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တယောက်ကို အခုလိုမျိုး မလေးရှားနိုင်ငံကို ဖိတ်ကြားတာကိုကပဲ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကနေ လမ်းလွဲနေပြီလို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ အဲဒီလို လမ်းလွဲအောင်လည်းပဲ စစ်အုပ်စုကနေပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လိုက်ပါဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်းမရှိဘဲနဲ့ အာဆီယံနိုင်ငံ တခုချင်းစီက နိုင်ငံတွေကို သွားပြီးတော့ချဉ်းကပ်တယ်။ အာဆီယံထဲမှာတောင်မှပဲ သဘောထားကွဲလွဲမှုတွေ ဖြစ်အောင်၊ စုစည်းမှုတွေ၊ ရပ်တည်ချက်တွေ ပြိုကွဲအောင်လို့ စစ်ခေါင်းဆောင်က ကြိုးစား ဆောင်ရွက်နေတာ ဖြစ်တယ်။ ဆိုတော့ အဲဒီ ကြိုးစားဆောင်ရွက်မှုကို မလေးရှား အစိုးရအနေနဲ့ပေါ့နော် အဲဒီထောင်ချောက်ထဲကို တည့်တည့်ကြီး ဝင်သွားတယ်လို့ပဲ ကျမကတော့ မှတ်ချက်ပေးချင်ပါတယ်။"

စစ်အာဏာရှင်သမ္မတရဲ့ ဒီခရီးစဉ်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) နဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) တို့ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

ဒါအပြင် ယူကေနိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း မင်းအောင်လှိုင်ဟာ ရာဇဝတ်သားဖြစ်လို့ အနီရောင်ကော်ဇောပေါ်မှာ မဟုတ်ဘဲ ရုံးတင်စစ်ဆေးခံရမဲ့သူ ဖြစ်တယ်လို့ အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာဏာရှင်သမ္မတကတော့ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေကို ရာသီဥတုကောင်းမွန်ချိန်မှာ စစ်တပ်ရေယာဉ်တွေနဲ့ အမြန်ဆုံး လာရောက်ခေါ်ယူခွင့်ပြုဖို့ မလေးရှားအစိုးရကိုပြောထားပါတယ်။

ပြည်တွင်းမှာ စစ်ရေးရှုံးနိမ့်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ နိုင်ငံတကာ ဖိအားတွေ ရင်ဆိုင်နေရချိန်မှာ၊ အခုလို မလေးရှားနိုင်ငံရဲ့ တရားဝင် ဖိတ်ကြားမှုဟာ မြန်မာစစ်တပ်အတွက် ထွက်ပေါက် တခုဖြစ်သွားနိုင်တယ်လို့ ရှုမြင်ကြတာလည်း ရှိပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013