မြောက်ကိုရီးယားက သူတို့ရဲ့ ဆိုက်ဘာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို အသုံးပြုကာ သူတို့ရဲ့ ပုံရိပ်ကို ထိခိုက်အောင်လုပ်ဖို့နဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေအပေါ် ဖိအားပေးတာတွေကို အကြောင်းပြဖို့ ကြိုးစားနေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေကို စွပ်စွဲလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းက ဩဂုတ် ၄ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ကိုးကား ဖော်ပြပါတယ်။
မြောက်ကိုရီးယား ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ “ပူးတွဲသတိပေးချက်” ဟာ နိုင်ငံရေးအရ စွပ်စွဲချက်တခုပဲ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သလို အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေ ဖွဲ့စည်းထားတဲ့ ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့ (MSMT) ကိုလည်း ဝေဖန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ဇူလိုင် ၃၁ ရက်မှာ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တခြား ၈ နိုင်ငံတို့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲသတိပေးချက်ကို တုံ့ပြန်တဲ့အနေနဲ့ ထွက်ပေါ်လာတာ ဖြစ်ပုံရပါတယ်။
အဲဒီသတိပေးချက်မှာ မြောက်ကိုရီးယား IT နည်းပညာရှင်တွေဟာ အထောက်အထားအတုတွေကို အသုံးပြုပြီး အဝေးရောက်အလုပ်တွေကို ရယူကာ ပြုံယမ်းရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေအတွက် ဝင်ငွေရှာပေးနေတယ်လို့ သတိပေးထားတာပါ။
အဲဒီသတိပေးချက်ထဲမှာ အဲဒီနည်းပညာရှင်တွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့ AI လိုမျိုး ပိုမိုခေတ်မီတဲ့ ကိရိယာတွေကို အသုံးပြုလာကြတာကြောင့် ကုမ္ပဏီတွေအတွက် အတွင်းလူ ခြိမ်းခြောက်မှု ဖြစ်လာနိုင်သလို ဒေတာခိုးယူမှု၊ ခရစ်ပတိုငွေကြေး ခိုးယူမှုနဲ့ ထိလွယ်ရှလွယ်တဲ့ သတင်းအချက်အလက်တွေ ခိုးယူမှုမှာ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားပါတယ်။
ဝါရှင်တန်အနေနဲ့ ဆိုက်ဘာစစ်ပွဲ စွမ်းရည်တွေနဲ့ မဟာမိတ်တွေနဲ့ ပူးတွဲ ဆိုက်ဘာလေ့ကျင့်မှုတွေကနေတဆင့် ဆိုက်ဘာနယ်ပယ်ကို စစ်ရေးအရ အသုံးချနေတယ်လို့ မြောက်ကိုရီးယား ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲခဲ့ပြီး ဆိုက်ဘာကိစ္စတွေကို အကြောင်းပြကာ တခြားနိုင်ငံတွေအပေါ် ဖိအားပေးဖို့ နိုင်ငံရေးအရ ကြိုးပမ်းနေတာတွေကို ပြုံယမ်းအနေနဲ့ သည်းခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
Source: Reuters










