
အီရန်နိုင်ငံဟာ သန့်စင်ပြီးသား နျူကလီးယားပစ္စည်း တမှုန်တောင်နိုင်ငံပြင်ပကို အထွက်ခံမှာ မဟုတ်ဘူးလို့ အီရန်လုံခြုံရေးအကြီးအကဲ မိုဆန်ရီဇိုင်းက ရုပ်သံမိန့်ခွန်းမှာ ပြောကြားလိုက်ပြီး အီရန်နိုင်ငံအပေါ် အမေရိကန်ဘက်က ထပ်မံတိုက်ခိုက်မှုတွေ လုပ်လာမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့လည်း လက်ဘနွန်နိုင်ငံအခြေစိုက် အီရန် လိုလားတဲ့ အယ်လ်မာယာဒင် ရုပ်သံလိုင်းကနေ ပြောပါတယ်။
လက်ရှိအချိန်မှာ တီဟီရန်နဲ့ ဝါရှင်တန်ကြား တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာ မရှိသေးပေမဲ့ အီရန်ဘက်က သံတမန်ရေးနည်းလမ်းကို အလေးအနက်ထား ဆက်လုပ်သွားမယ်လို့ ရီဇိုင်းက ဆိုပါတယ်။
အမေရိကန်ဘက်ကသာ အီရန်ချမှတ်ထားတဲ့ အချက် ၇ ချက်ကို လိုက်လျောမယ်ဆိုရင် ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာဖြစ်ပြီး၊ အမေရိကန်ဘက်က တုံ့ပြန်ချက်တွေ ပေးထားပေမဲ့ လှည့်စားမှုတွေ ပါနေလို့ လက်မခံဘဲ ရှင်းလင်းတဲ့ အဖြေတခုကို တောင်းဆိုထားတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် သမ္မတထရမ့်ပ်နဲ့ နီးစပ်သူတွေဆီက သတင်းစကားတွေကို ပါကစ္စတန်နဲ့ ကာတာတို့က ပိုပြီးတက်ကြွစွာ ကြားဝင်သယ်ဆောင်ပေးနေသလို အီရတ်နဲ့ ယူအေအီး (UAE) တို့ကလည်း တခါတရံ သတင်းစကားတွေ ယူဆောင်လာပေးကြောင်း၊ ဒါပေမဲ့ အဲဒီသတင်းစကားတွေဟာ အီရန်ရဲ့ တောင်းဆိုချက် ၇ ချက်နဲ့ မကိုက်ညီကြောင်းလည်း သူက ထုတ်ပြောခဲ့ပါတယ်။
တကယ်လို့ အမေရိကန်တွေဘက်က အမှားလုပ်ပြီး စတင်တိုက်ခိုက်မှု လုပ်လာမယ်ဆိုရင် အနီးအနားက အခြေစိုက်စခန်းအားလုံးတွေတင်မကပဲ အီရန်ဒုံးကျည်တွေ မရောက်နိုင်ဘူးလို့ သူတို့ ထင်ထားတဲ့ ဝေးလံတဲ့ စစ်အခြေစိုက်စခန်းတွေနဲ့ ကျွန်းစခန်းတချို့ကိုပါ တိုက်ခိုက်သွားမယ်လို့ သူက ပြောပါတယ်။
အထူးသဖြင့် ဥရောပနိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကနေ လေယာဉ်တွေ ပျံတက်လာပြီး အီရန်ကို ဗုံးလာကြဲမယ်ဆိုရင် အဲဒီဥရောပက စခန်းတွေကိုပါ တိုက်ခိုက်သွားမယ်လို့ သူက သတိပေးခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့တဲ့ အကျိုးဆက်ကြောင့် ဒီနေ့အချိန်မှာ အမေရိကန်နဲ့ ဥရောပက အိမ်ထောင်စုတိုင်း၊ ကမ္ဘာတဝန်းက အကြီးစား၊ အသေးစား လုပ်ငန်းတိုင်း ထိခိုက်နစ်နာ နေရပြီး ဒါကို ဥရောပခေါင်းဆောင်တွေ ကိုယ်တိုင်တောင် ဝန်ခံနေရပြီလို့ ရီဇိုင်းက ဆိုပါတယ်။
နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့လည်း သူတို့အနေနဲ့ နျူကလီးယားစွမ်းအင်သုံး သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေကို ဒီဇိုင်းဆွဲနေပြီဖြစ်သလို အနာဂတ်မှာ အသေးစား မော်ဂျူလာ နျူကလီးယာ ဓာတ်အားပေးစက်ရုံ (SMR) တွေပါ တည်ဆောက်ဖို့ ရွေးချယ်ကောင်း ရွေးချယ်နိုင်ကြောင်း ရီဇိုင်းက ပြောပါတယ်။
တီဟီရန်ရဲ့ သန့်စင်ပြီးသား နျူကလီးယားပစ္စည်းအားလုံးဟာ အီရန်ရဲ့ ထိန်းချုပ်မှုအောက် နိုင်ငံတွင်း မှာပဲ ဆက်ရှိနေမှာဖြစ်ပြီး သူတို့ကိုယ်တိုင်ပဲ ပြန်အသုံးပြုသွားမှာဖြစ်ကြောင်း မော်စကို ကို အသိပေး ထားပြီပြီလို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်မဲ့ သဘောတူညီချက်တခုရဲ့ တစိတ်တပိုင်း အနေနဲ့ အီရန်ဆီကနေ ယူရေနီယံတွေကို ဖယ်ရှားသယ်ထုတ်ပေးဖို့ ရုရှားဘက်က အရင်က ကမ်းလှမ်းခဲ့ဖူး ပေမဲ့ ဖယ်ရှားမယ် မဖယ်ရှားဘူး ဆိုတာကတော့ တီဟီရန်ကပဲ ဆုံးဖြတ်ရမဲ့ ကိစ္စလို့ ပြောထား ပါတယ်။
Source: Reuters











