DVB Logo
Home
နိုင်ငံတကာ
အီရန်နျူကလီးယား သတင်းပေးလျှင် အမေရိကန်က ဆုကြေး ဒေါ်လာ သန်း ၂၀ ချီးမြှင့်မည်
DVB
·
November 9, 2026
Photo: REUTERS/Brian Snyder
Photo: REUTERS/Brian Snyder
Donate to DVB

အီရန်နိုင်ငံရဲ့  နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး သတင်းပေးနိုင်သူကို ဒေါ်လာ သန်း ၂၀ အထိ ဆုကြေး​ချီးမြှင့်မယ်လို့ အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

မနှစ်က အစ္စရေးနဲ့အတူ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အီရန်ရဲ့ နျူကလီးယားစက်ရုံတွေဟာ “လုံးဝကို အပြီးတိုင် ပျက်သုဉ်းသွားပြီ” ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြုခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း အခုတခေါက်မှာတော့ အသေးစိတ် သတင်းအချက်အလက်ပေးနိုင်မယ်ဆိုရင် လုံခြုံရေးအရ ပြောင်းရွှေ့နေထိုင်ဖို့အတွက်ပါ စီစဉ်ပေးမယ်ဆိုပြီး ဖော်ပြထားပါတယ်။

အခုလိုမျိုး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ “တရားမျှတမှုအတွက် ဆုကြေးငွေပေးရေး” (Rewards for Justice) အစီအစဉ်အရ နျူကလီးယားလုပ်ငန်းစဉ်မှာ အသုံးပြုနေတဲ့ ပစ္စည်းကိရိယာတွေ၊ အဆောက်အအုံတွေနဲ့ ပါဝင်ပတ်သက်သူတွေအထိ သတင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

အီရန်ဘက်ကတော့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဘယ်လိုမျိုး နျူကလီးယားလက်နက်ကိုမှ ထုတ်လုပ်မှာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ အီရန်နယ်စပ်ကနေတဆင့် အရေးယူပိတ်ဆို့ထားတဲ့ ပစ္စည်းတွေနဲ့ လက်နက်တွေကို ကုန်းလမ်းကြောင်းအတိုင်း မဝင်ရောက်နိုင်အောင် တားဆီးသွားမဲ့ “Iron Gate” အမည်ရ အမေရိကန် အထူးအဖွဲ့တခု ဖွဲ့စည်းနေပါတယ်။

အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် Centcom ကလည်း အီရန်ဆိပ်ကမ်းတွေအပေါ် ရေလမ်းကြောင်း ပိတ်ဆို့ထားတဲ့အလျောက် ဒေါ်လာ ၂၅ ဘီလီယံကျော် တန်ကြေးရှိတဲ့ ရေနံစိမ်းတွေကို တင်ပို့ရောင်းချလို့ မရအောင် ဟန့်တားနိုင်ခဲ့တယ်လို့ အတည်ပြုပါတယ်။

အမေရိကန်နိုင်ငံမှာ သက်တမ်းဝက် ရွေးကောက်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ အီရန်အပေါ် တိုက်ခိုက်မှုတွေကို ပြန်လည်စတင်နိုင်ကြောင်း သတင်းထွက်နေပေမဲ့လည်း သမ္မတ ထရမ့်ပ် ကတော့ ဒါကို “အလျင်စလိုလုပ်မှာ မဟုတ်ဘူး”  ဆိုပြီး အသိပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013