
ပြည်သူတွေအတွက် တနေ့တာ လျှပ်စစ်မီးတောင် မှန်မှန်မပေးနိုင်သေးတဲ့ မြန်မာနိုင်ငံမှာ မီးလင်းဖို့ အကြောင်းပြချက်နဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ဖို့ စစ်အာဏာရှင်အစိုးရက စီစဉ်နေပါတယ်။
ဒါ တကယ်ပဲ လျှပ်စစ်မီးရဖို့အတွက်လား၊ ဒါမှမဟုတ် နောက်ကွယ်မှာ တခြားရည်ရွယ်ချက်ရော ရှိနေနိုင်လား။ ဒီလိုသိနိုင်ဖို့ဆို ရုရှားနဲ့ မြန်မာ လက်မှတ်ထိုးထားတဲ့ နျူကလီးယားစာချုပ်တွေကို အရင်သိဖို့ လိုပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကနေ လက်ရှိအချိန်အထိ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ ချုပ်ဆိုခဲ့ကြတဲ့ နျူကလီးယားနဲ့ပတ်သက်တဲ့ စာချုပ်ပေါင်းက ၂၀ ကျော်ရှိနေပါပြီ အဲဒီထဲမှာ အဓိကကြည့်ရမဲ့ စာချူပ်ကတော့ ၃ ခု ရှိပါတယ်။
ပထမတခုက ၂၀၀၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ နျူကလီးယားသုတေသနဗဟိုဌာန တည်ဆောက်ရေး သဘောတူစာချုပ်ပါ။ ဒုတိယတခုက ၂၀၂၃ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေအတွက် သုံးဖို့ဆိုတဲ့ သဘောတူစာချုပ်ဖြစ်ပါတယ်။ တတိယတခုကတော့ ၂၀၂၅ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တဲ့ အငယ်စား နျူကလီးယားဓာတ်အားပေးစက်ရုံ SMR တည်ဆောက်ရေးဆိုင်ရာ သဘောတူစာချုပ်ပါ။
ဒီစာချုပ်တွေကို ကြည့်လိုက်ရင် “ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်”၊ “လျှပ်စစ်ဓာတ်အား”၊ “သုတေသန”၊ “ဆေးပညာ”၊ “စိုက်ပျိုးရေး” ဆိုတဲ့ စကားလုံးတွေ ထပ်ခါတလဲလဲ တွေ့ရပါတယ်။ ဒါပေမဲ့ မေးစရာရှိတာက ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်အစိုးရလက်အောက်က ဒီစီမံကိန်းဟာ တကယ်ပဲ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက်လား။ ဒါမှမဟုတ် ဒေသတွင်းကိုပါ ခြိမ်းခြောက်လာမဲ့ အန္တရာယ်တခုလား။
၂၀၂၃ ရုရှား-မြန်မာ နျူကလီးယားစာချုပ်ကို အဓိကထားပြီး၊ စာချုပ်ထဲမှာ ဘာတွေပါလဲ၊ ဒေသတွင်းမှာ လုံခြုံရေးအရ သတိပြုရမဲ့ အကြောင်းအရာတွေကို ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ရှင်းပြသွားပါမယ်။
၂၀၂၃ စာချုပ်က ဘာလဲ
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြန်မာ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) တို့ကြားမှာ နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ နျူကလီးယားနည်းပညာ နယ်ပယ် ၁၄ ခုမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီစာချုပ်ဟာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့သက်သက် မဟုတ်ဘဲ မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်ရရှိဖို့ လိုအပ်တဲ့ ကဏ္ဍအားလုံးကို ပံ့ပိုးပေးမဲ့ အထွေထွေ သဘောတူညီချက် ဖြစ်ပါတယ်။
Stimson Center ရဲ့ လက်နက်ပြန့်ပွားမှု တားဆီးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ညွှန်ကြားရေးမှူးနှင့် အကြီးတန်း သုတေသီ ခရစ္စတီးနား မက်ခ်အယ်လစ္စတာက “တကယ်တော့ နိုင်ငံတကာဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ နျူကလီးယားလုပ်ငန်းကဏ္ဍမှာပဲဖြစ်ဖြစ် ဒီလို အထွေထွေသဘောတူညီချက်မျိုး ရှိတာက ပုံမှန်ပဲလို့ ကျမထင်ပါတယ်။ ဒီလိုသဘောတူညီချက်မျိုးက အခြေခံမူဘောင်တခု၊ ဒါမှမဟုတ် အပေါ်ယံ ခြုံငုံထားတဲ့ သဘောတူညီချက်တခုလို ဖြစ်ပါတယ်။ ဒီအပေါ်အခြေခံပြီး နောက်ပိုင်းမှာ ပိုပြီးတိကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်နိုင်တာမျိုးပါ။ နောက်ဆက်တွဲ စီမံကိန်းတခုချင်းစီအတွက်တော့ အသေးစိတ်သဘောတူညီချက်တွေ ထပ်ပြီး လက်မှတ်ထိုး ကြမှာဖြစ်ပြီး၊ အဲဒီစာချုပ်တွေကိုတော့ အများပြည်သူသိအောင် ထုတ်ပြန်ချင်မှ ထုတ်ပြန်မှာပါ”လို့ ပြောပါတယ်။
ဒီစာချုပ်ဟာ ၂ နိုင်ငံ နျူစွမ်းအင်ကဏ္ဍမှာ ပူးပေါင်းလုပ်ဆောင်ဖို့အတွက်ဆို ယေဘုယျဆန်နေပေမဲ့ စာချုပ်ထဲမှာပါဝင်တဲ့ အချက်တွေကိုတော့ တချက်ချင်း ကြည့်ဖို လိုအပ်ပါတယ်။
ရုရှားက ဘာတွေကူညီမလဲ
စာချုပ်မှာပြောထားတဲ့ ပူးပေါင်းဆောင်ရွက်မဲ့ နယ်ပယ် ၁၄ ခုထဲက ပထမတခုကတော့ နျူကလီးယား အခြေခံအဆောက်အအုံတွေအတွက် အကူအညီရရှိဖို့ ဖြစ်ပါတယ်။ ဒီအတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နဲ့အတူ ရုရှားက အကူအညီပေးမယ်လို့ စာချုပ်မှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်ကိုယ်တိုင်ကလည်း ၂၀၂၅ ခုနှစ် မော်စကိုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်မှာ ရုရှားနဲ့ IAEA တို့ကို နျူကလီးယားကဏ္ဍအတွက် အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒုတိယအချက်အနေနဲ့ စာချုပ်ထဲမှာ စိုက်ပျိုးရေး၊ စက်မှုနဲ့ ဆေးဝါးကဏ္ဍတွေအတွက် ရေဒီယို အိုင်ဆိုတုပ်တွေ ထုတ်လုပ်တာနဲ့ ဓာတ်ရောင်ခြည်နည်းပညာတွေမှာ ရုရှားက အကူအညီပေးဖို့ ဖြစ်ပါတယ်။
ဒီအတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ Rosatom တို့ကြားမှာ ဆွေးနွေးတာတွေ ရှိနေပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်မှာလည်း Zeya & Associates နဲ့ Rosatom Healthcare တို့ကြားမှာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားပါတယ်
ရုရှားအကူအညီနဲ့ ဓာတ်ရောင်ခြည်သုံး ဆေးဝါးတွေ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ လျှပ်စစ်စွမ်းအင်ထုတ် နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ သုတေသနဓာတ်ပေါင်းဖိုတွေ တည်ဆောက်ရေးပါ။ ဒီဓာတ်ပေါင်းဖိုတွေအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ နည်းပညာတွေကိုလည်း ရုရှားက ပံ့ပိုးမှာ ဖြစ်ပါတယ်။
ဒီထဲမှာ ပင်လယ်ရေငံကနေ ရေချိုပြောင်းပေးတဲ့စက်ရုံ (Water Desalination Facility) တွေနဲ့ Particle Accelerator (အမှုန်အရှိန်ပေးစက်) တွေ ပါဝင်ပါတယ်။ ဒါတွေက နျူကလီးယားဓာတ်ပေါင်းဖိုတွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေဖြစ်သလို စွမ်းအင်ကဏ္ဍ တင်မဟုတ်ဘဲ ဆေးပညာနယ်ပယ်နဲ့ သောက်သုံးရေရရှိဖို့အတွက်ပါ အသုံးချနိုင်ပါတယ်။
အရေးကြီးဆုံးအပိုင်း — Nuclear Fuel Cycle
ဒီစာချုပ်ထဲမှာ ပိုပြီးသတိထားကြည့်ရမဲ့ အချက်တချက် ရှိပါတယ်။ အဲဒါက နျူကလီးယားလောင်စာကွင်းဆက် – Nuclear Fuel Cycle တခုလုံးအတွက် ရုရှားက ကူညီဖို့ ဖြစ်ပါတယ်။
နျူကလီးယားလောင်စာကွင်းဆက် – Nuclear Fuel Cycle ဆိုတာ ဘာလဲ၊ အလွယ်ဆုံးပြောရရင် ဓာတ်ပေါင်းဖိုတွေမှာသုံးမဲ့ ယူရေနီယမ်သတ္တုကို မြေထဲက တူးထုတ်တဲ့အဆင့်ကနေ စပါတယ်။ ပြီးရင် ပြုပြင်သန့်စင်မယ်၊ လိုအပ်တဲ့ ယူရေနီယမ် - ၂၃၅ ပါဝင်မှုကို မြှင့်မယ်၊ နျူကလီးယားလောင်စာအဖြစ် ပြောင်းမယ်။ ဓာတ်ပေါင်းဖိုထဲမှာ သုံးပြီး စွမ်းအင်ထုတ်မယ်၊ နောက်ဆုံးမှာ သုံးပြီးသားလောင်စာကို သိမ်းဆည်းပြီး၊ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းတွေကို စီမံခန့်ခွဲရပါတယ်။ ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးကို Nuclear Fuel Cycle လို့ ခေါ်တာပါ။
ဒါဆိုရင် နျူကလီးယားလောင်စာထုတ်နိုင်ဖို့အတွက် ပထမဆုံး လိုလာတာက ယူရေနီယမ်ပါ။ မြန်မာနိုင်ငံမှာ ယူရေနီယမ် ရှိပါသလား။
ဘူမိဗေဒပညာရှင်တယောက်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက “မြန်မာနိုင်ငံက ဘူမိဗေဒအနေအထားအရက တကယ်လည်း သတ္တုရော ကျောက်မျက်ရော မျိုးစုံရှိတဲ့ နိုင်ငံပေါ့နော်။ ယူရေနီယမ်နဲ့ ပတ်သက်လာရင်တော့ ကျနော်တို့ ၁၉၆၀ ကျော် ခေတ်ကတည်းက ဘူမိဗေဒမှတ်တမ်းတွေမှာလည်း မိုးကုတ်ဘက်မှာ ယူရေနိုသိုရီယမ်နိုက် (Uranothorianite) ဆိုတဲ့ကျောက်တွေ တွေ့တဲ့အကြောင်းကိုလည်း ဘူမိဗေဒအစီရင်ခံစာတွေမှာ ပါဖူးပါတယ်။ နောက်ပိုင်းမှာလည်း ကျနော်တို့ တနင်္သာရီဘက်က သဲတွေပေါ့၊ ဒီ တင်တန်စတင် (Tin-Tungsten) လို့ခေါ်တဲ့ ခဲမဖြူ၊ အဖြိုက်နက်မြေစာတွေကို ကျင်တဲ့နေရာမှာလည်း သိုရီယမ် (Thorium) ဆိုတဲ့ ရေဒီယိုသတ္တိကြွတဲ့ minerals တွေပါတာ တွေ့ဖူးတယ်။ နောက်ပြီးတော့ ဒီဘက်နောက်ပိုင်းတော့ စစ်အစိုးရခေတ်တွေမှာ သူတို့လေ့လာတဲ့အခါမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်းပေါ့နော်၊ သူကတော့ အရင်တုန်းက ရေခဲတောင်ဖြစ်စဉ်တွေကြောင့် ကျောက်စိမ်းလိုဖြစ်လာတဲ့ မြေဆီလွှာတွေထဲ မှာလည်း ယူရေနီယမ်သတ္တုတွေ စုပြီး ပါလာတယ်ဆိုတဲ့ မှတ်တမ်းတွေလည်းရှိခဲ့ဖူးတယ်။ ဒါကိုလည်း သူတို့ လေ့လာရေးတွေ၊ ရှာဖွေရေးတွေ လုပ်ခဲ့ကြတာ သိထားပါတယ်”လို့ ပြောပါတယ်။
မိုးကုတ်အသွင်ပြောင်းကျောက်လွှာကြောတလျှောက်မှာ ရှားပါးဒြပ်သတ္တုတွေနဲ့ ရေဒီယိုသတ္တိကြွသတ္တုတွေ ရှိနေပါတယ်။ ၂၀၁၉ ခုနှစ် ဘူမိဗေဒလေ့လာမှုတခုအရဆိုရင် မိုးကုတ်ဒေသ အုပ်ဆောင်းတောင်အနီးက ယူရေနီယမ်နဲ့ သိုရီယမ် ပါဝင်တဲ့ သတ္တုနမူနာတွေကို X-Ray သုံးပြီး စမ်းသပ်တဲ့အခါမှာ ယူရေနီယမ်ပါဝင်မှု ၂၁ ရာခိုင်နှုန်းနီးပါးကနေ ၂၄ ရာခိုင်နှုန်းကျော်အထိ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရုရှားနဲ့ ချုပ်ထားတဲ့ စာချုပ်ထဲမှာလည်း မြန်မာနိုင်ငံတွင်း ယူရေနီယံသတ္တုသိုက် ရှာဖွေရေးနဲ့ နျူုကလီးယားစက်မှုလုပ်ငန်းအတွက် ကုန်ကြမ်းရှာဖွေရေးကို ကူညီပေးမယ်ဆိုတာ ပါဝင်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အရင်က နျူကလီးယားစွပ်စွဲချက်တွေ
ဒီနေရာမှာ အရင်က ထွက်ပေါ်ခဲ့ဖူးတဲ့ မှတ်တမ်းအချက်အလက်တွေကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။
အရင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နဝတ၊ နအဖ စစ်အစိုးရ လက်ထက်တုန်းက နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး လျှို့ဝှက်မှတ်တမ်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီထဲမှာ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးဒေသက တပ်မတော် သိပ္ပံနှင့်နည်းပညာသုတေသနဌာန (အမှတ် ၁ တပ်ရင်း) မှာ ယူရေနီယမ်သန့်စင်တာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေလည်း ပါဝင်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်တွေ သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့နဲ့ ၇ မိုင်အကွာက တသန အပါအဝင် စစ်တပ်ရဲ့ နယ်မြေခံတပ်ရင်းတချို့တော့ ကျန်ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် တကျော့ပြန် အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေရာမှာ နျူကလီးယားဆိုင်ရာ စမ်းသပ်မှုတွေ ဆက်လုပ်/မလုပ်ဆိုတာကိုတော့ DVB အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
ဘာကြောင့် “၂၀ ရာခိုင်နှုန်း” က အရေးကြီးတာလဲ
အခု ရုရှား-မြန်မာစာချုပ်ထဲမှာ အရေးကြီးတဲ့ ကန့်သတ်ချက် ရှိပါတယ်။ မြန်မာနိုင်ငံကို လွှဲပြောင်းပေးမဲ့ နျူကလီးယားပစ္စည်းတွေမှာ ယူရေနီယမ်- ၂၃၅ ပါဝင်မှု ၂၀ ရာခိုင်နှုန်းအောက်သာ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။
ရုရှားရဲ့ သဘောတူညီချက်မပါဘဲ မြန်မာဘက်က ယူရေနီယံ-၂၃၅ ပါဝင်မှုကို သန့်စင်တာ ဒါမှမဟုတ် ပြန်လည်ပြုပြင်တာတွေ မလုပ်ဖို့လည်း ကန့်သတ် တားမြစ်ထားပါတယ်။ ဘာကြောင့် ရုရှားက တားမြစ်ရတာလဲဆိုတာ နားလည်ဖို့ဆိုရင်တော့ ယူရေနီယမ်သတ္တုအကြောင်း နည်းနည်းသိဖို့ လိုပါတယ်။ ယူရေနီယမ်-၂၃၅ ပါဝင်မှုကို ဘာကြောင့် မြှင့်တင်ရတာလဲဆိုတာကို အရင်သိဖို့ လိုပါတယ်။
သဘာဝယူရေနီယမ်မှာ ယူရေနီယမ် အိုင်ဆိုတုပ် ၃ မျိုး ပါဝင်ပါတယ်။ ပထမတခုဖြစ်တဲ့ ယူရေနီယမ်-၂၃၄ က ပါတယ်ဆိုရုံလေးဖြစ်ပြီးတော့ ယူရေနီယမ်-၂၃၈ က ၉၉ ရာခိုင်နှုန်းကျော် ပါပါတယ်။
နျူကလီးယားစွမ်းအင်ထုတ်ရာမှာ အဓိကအသုံးဝင်တဲ့ ယူရေနီယမ် - ၂၃၅ ပါဝင်မှုကတော့ ၀ ဒသမ ၇ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိပါတယ်။
၁ ရာခိုင်နှုန်းအောက်သာရှိတဲ့အတွက် နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ သုံးဖို့ဆိုရင် ယူရေနီယမ် - ၂၃၅ ပါဝင်မှုကို ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ မြှင့်ရပါတယ်။ ဒီလိုမြှင့်တင်ဖို့အတွက်ဆို ယူရေနီယမ်ကို ဓာတုနည်းနဲ့ ပြုပြင်ထားတဲ့ ယူရေနီယမ် ဟက်ဇာဖလူအိုရိုက်ဒ် (UF6) ဓာတ်ငွေ့ကို ဆလင်ဒါပြွန်ပုံစံရှိတဲ့ ဗဟိုခွာအားသုံးစက် (Centrifuges) တွေသုံးပြီး အရှိန်နဲ့ လှည့်ပေးရပါတယ်။
အဲဒီလို လုပ်လိုက်တဲ့အခါမှာ ထုထည်ပိုလေးတဲ့ ယူရေနီယမ် - ၂၃၈ အိုင်ဆိုတုပ်တွေက အပြင်ဘက်ကို တွန်းထုတ်ခံလိုက်ရပြီးတော့ ယူရေနီယမ် - ၂၃၅ က ယူရေနီယမ် - ၂၃၈ နဲ့ ယူရေနီယမ် - ၂၃၄ ရဲ့ကြားမှာ စုသွားပါတယ်။ ဒီစုနေတဲ့ ယူရေနီယမ် - ၂၃၅ ကိုပဲ သီးသန့်ထုတ်ယူပြီးမှ လောင်စာထုတ်လုပ်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ ၂၀ ရာခိုင်နှုန်း ဆိုတဲ့ ကိန်းဂဏန်းက အရေးကြီးလာပါတယ်။ ဓာတ်အားပေးစက်ရုံတွေအတွက် လိုအပ်တဲ့ပမာဏက ၅ ရာခိုင်နှုန်းပဲရှိတာကြောင့် ၂၀ ရာခိုင်နှုန်းဆိုတဲ့ပမာဏကို မြှင့်တင်တာဟာ တခြားရည်ရွယ်ချက်တွေပါ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် IAEA ရဲ့ သတ်မှတ်ချက်တွေအတိုင်း ရုရှားက တားမြစ်ထားရတာ ဖြစ်ပါတယ်။
ဒါ့အပြင် IAEA က ထိန်းချုပ်ပစ္စည်းလို့ သတ်မှတ်ထားတဲ့ Heavy Water ခေါ် ရေလေး ထုတ်လုပ်တာကိုလည်း စာချုပ်ထဲမှာ ကန့်သတ်ထားပါတယ်။
Stimson Center ရဲ့ လက်နက်ပြန့်ပွားမှု တားဆီးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ညွှန်ကြားရေးမှူးနှင့် အကြီးတန်း သုတေသီ ခရစ္စတီးနား မက်ခ်အယ်လစ္စတာက “ဒါတွေက နျူကလီးယားလက်နက် ပြန့်ပွားမှုကို တားဆီးရေးအတွက် အလွန်အရေးကြီးတဲ့ ကိစ္စတွေပါ။ ဒီသဘောတူညီချက်ထဲမှာ ဖော်ပြထားတဲ့ ယူရေနီယမ်-၂၃၅ ပါဝင်မှု ၂၀ ရာခိုင်နှုန်းဆိုတဲ့ သတ်မှတ်ချက် ကိန်းဂဏန်းက အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါဝင်မှုအဆင့် ၂၀ ရာခိုင်နှုန်းကျော်သွားရင် IAEA က အဲဒီယူရေနီယမ်ကို သန့်စင်မှုအဆင့် မြင့်မားတဲ့ ယူရေနီယမ်အဖြစ် သတ်မှတ်ပြီး၊ နျူကလီးယားလက်နက်ထုတ်လုပ်ရာမှာ တိုက်ရိုက်အသုံးချနိုင်တဲ့ ပစ္စည်းအဖြစ် ယူဆထားပါတယ်။ ဒါကြောင့်လည်း ပိုတင်းကျပ်တဲ့ စောင့်ကြည့်စစ်ဆေးမှုနဲ့ စည်းမျဉ်းတွေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သုံးပြီးသား နျူကလီးယားလောင်စာကို ပြန်လည်သန့်စင်ပြီး ခွဲထုတ်တာ တနည်းအားဖြင့် reprocessing လုပ်တာကလည်း နျူကလီးယားလက်နက် ပြန့်ပွားရေးအတွက် စိုးရိမ်စရာတွေထဲက တခုဖြစ်ပါတယ်”လို့ ပြောပါတယ်။
အဲဒီလုပ်ငန်းစဉ်ကနေ ပြန်ထုတ်ယူရရှိတဲ့ ပလူတိုနီယမ်ဟာ နျူကလီးယားကွဲထွက်မှုကို အလွန်လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်ပြီး နျူလက်နက်အတွက် တိုက်ရိုက်အသုံးချနိုင်တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ထားကြပါတယ်။
နောက်ဆုံးတခုက Heavy water ခေါ် ရေလေးပါ။ Heavy water ကို တရုတ်၊ ကနေဒါ၊ အိန္ဒိယတို့လို နိုင်ငံတွေမှာတော့ အရပ်ဘက်သုံး နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ အသုံးပြုကြပါတယ်။ ဒါပေမဲ့ Heavy water ကို လက်နက်အဆင့် ပလူတိုနီယမ် ထုတ်လုပ်ဖို့လည်း အသုံးချနိုင်ပါတယ်။ ပိုပြီးတိတိကျကျပြောရရင် Heavy water reactor တွေမှာ သဘာဝ ယူရေနီယမ်ကိုတောင် လောင်စာအဖြစ်သုံးနိုင်ပြီး ဓာတ်ပေါင်း ဖိုလည်ပတ်နေစဉ်မှာ နျူကလီးယားလက်နက်အတွက် တိုက်ရိုက်အသုံးချနိုင်တဲ့ ပလူတိုနီယမ်ကို ထုတ်လုပ်နိုင်ပါတယ်။
ဒါကြောင့် ရုရှားဘက်က ဒီလိုပစ္စည်းတွေကိုပဲ မဟုတ်ဘဲ၊ အဲဒီပစ္စည်းတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ နည်းပညာ၊ စက်ရုံနဲ့ အစိတ်အပိုင်းတွေကိုပါ မြန်မာနိုင်ငံကို လွှဲပြောင်းမပေးဘူးလို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားကနေ ရရှိတဲ့ နျူကလီးယားပစ္စည်းတွေကို မြန်မာဘက်က ၂၀ ရာခိုင်နှုန်းထက်ပိုပြီး သန့်စင်မြှင့်တင်ခွင့် မရှိဘူးလို့ တားမြစ်ထားတာကလည်း အရေးကြီးပါတယ်။ ဆိုတော့ ဒီသဘောတူညီချက်ထဲမှာတော့ တားမြစ်ချက်တွေ တော်တော်များများ ပါရှိနေပါတယ်။
ဒါပေမဲ့ တချို့နိုင်ငံတွေမှာ ဖြစ်ခဲ့ဖူးတဲ့ “nuclear cheating” လို့ ခေါ်တဲ့ နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်တဲ့ ကိစ္စတွေလည်း ရှိပါတယ်။ အဲဒါကတော့ နိုင်ငံ တချို့အနေနဲ့ ငြိမ်းချမ်းရေးရည်ရွယ်ချက်နဲ့ လုပ်နေတဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေကို အခွင့်ကောင်းယူပြီး လျှို့ဝှက်နျူလက်နက်အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တဲ့ ဖြစ်ရပ်တွေပါ။
အဲဒီလို စိုးရိမ်မှုကို ဖြစ်စေနိုင်တဲ့ သတိပေးလက္ခဏာတွေလည်း ရှိပါတယ်။ ဥပမာ Heavy water reactor ဆောက်ဖို့ စီစဉ်တာ၊ ဒါမှမဟုတ် heavy water ထုတ်လုပ်တဲ့စက်ရုံ ဆောက်တာမျိုးပါ။ အဲဒီစက်ရုံက သုတေသနအတွက် သုံးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သုတေသနအတွက် လိုအပ်တာထက် အရွယ်အစား ကြီးကြီးမားမားရှိနေတယ်ဆိုရင်တော့ အဲဒါက သတိပေးလက္ခဏာတခု ဖြစ်လာမှာပါ။
နောက်တခုက IAEA က စစ်ဆေးမှုတွေ လုပ်နေတဲ့အချိန်မှာ တင်သွင်းထားတဲ့ နျူကလီးယားပစ္စည်းတွေကို အသုံးပြုပြီး လျှို့ဝှက်လုပ်ဆောင်ထားတဲ့၊ ကြိုတင်ကြေညာမထားတဲ့ နျူကလီးယားလုပ်ငန်းတွေ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရတယ်ဆိုရင်လည်း အဲဒါက သတိပေးလက္ခဏာတွေထဲက တခုပါပဲ။
အရင်က ထွက်ပေါ်ခဲ့တဲ့ မှတ်တမ်းတွေအရ မြန်မာစစ်တပ်ဟာ ယူရေနီယမ်သန့်စင်ဖို့ သမားရိုးကျနည်းထက် ပိုထိရောက်တဲ့ နည်းလမ်းတစ်ခုကို စိတ်ဝင်စားခဲ့တယ်လို့ သိရပါတယ်။
သမားရိုးကျနည်းမှာတော့ ဗဟိုခွာအားသုံးစက် အများအပြား လိုအပ်ပြီး စက်ရုံကြီးတွေလည်း တည်ဆောက်ရပါတယ်။
စစ်တပ်ကနေ ဘက်ပြောင်းလာသူတချို့ရဲ့ ပြောဆိုချက်တွေအရ မြန်မာစစ်တပ်ဟာ ကာဗွန်မိုနောက်ဆိုဒ် လေဆာရောင်ခြည်သုံးပြီး ယူရေနီယမ်သန့်စင်တဲ့ နည်းပညာကို လိုချင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီနည်းလမ်းရဲ့ အားသာချက်က သာမန်ယူရေနီယမ်သန့်စင်စက်ရုံကြီးတွေလို မြေနေရာအများကြီးမလိုတာပါ။ သာမန်ဂိုဒေါင် ဒါမှမဟုတ် ဓာတ်ခွဲခန်းလို နေရာလေးတခုမှာတောင် တိတ်တဆိတ် လုပ်ဆောင်နိုင်တာကြောင့် လျှို့ဝှက်ထားဖို့ ပိုလွယ်ပြီး IAEA အနေနဲ့ ခြေရာခံဖို့လည်း ပိုခက်နိုင်ပါတယ်။
ဒါ့အပြင် ယူရေနီယမ်-၂၃၅ ကိုလည်း သမားရိုးကျနည်းထက် မြန်မြန် ခွဲထုတ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နည်းပညာအရ အလွန်ခက်ခဲပြီး အဆင့်မြင့်တာကြောင့် အောင်မြင်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိ ရုရှားနဲ့ ချုပ်ထားတဲ့ စာချုပ်ထဲမှာလည်း ဒီနည်းပညာတွေ ပံ့ပိုးပေးမယ်လို့ မပါဝင်ပါဘူး။
မြန်မာက လောင်စာကို ကိုယ်တိုင်ထုတ်မှာလား
ယူရေနီယမ်သတ္တုရိုင်းကနေ နျူကလီးယားလောင်စာအထိ ကိုယ်တိုင်ထုတ်လုပ်ဖို့ဆိုတာ နည်းပညာအရ အလွန်ခက်ခဲပါတယ်။ မြန်မာဘက်က ကိုယ်တိုင်မထုတ်နိုင်ရင်တောင် ဓာတ်ပေါင်းဖိုတွေအတွက် လိုအပ်တဲ့ လောင်စာတွေကို ရုရှားက ထောက်ပံ့ပေးနိုင်ပါတယ်။ လက်ရှိ Rosatom မှာ နျူကလီးယားဓာတ်ပေါင်းဖိုတွေအတွက် လိုအပ်တဲ့ လောင်စာကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံ ၂ ရုံရှိပါတယ်။
ပထမတခုက Elemash Machine-building plant ဖြစ်ပါတယ်။ ဒီစက်ရုံဟာ သုတေသနဓာတ်ပေါင်းဖိုနဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေအတွက် လောင်စာထုတ်လုပ်ပါတယ်။ မြန်မာမှာ အသုံးပြုမဲ့ RITM-200N ဓာတ်ပေါင်းဖို အမျိုးအစားအတွက် လိုအပ်တဲ့ လောင်စာကိုလည်း ဒီစက်ရုံကနေ စမ်းသပ်ထုတ်လုပ်တာ ဖြစ်ပါတယ်။
နောက်တခုကတော့ ဆိုက်ဘေးရီးယားမှာရှိတဲ့ Novosibirsk Chemical Concentrates Plant ဖြစ်ပါတယ်။ နေပြည်တော်နဲ့ နိုဗိုစီဗစ်ဒေသကြားမှာကလည်း သံတမန်ဆက်ဆံရေးနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ချိတ်ဆက်မှုတွေ ရှိထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် နျူကလီးယားလောင်စာ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးလမ်းကြောင်းတွေ စဉ်းစားတဲ့အခါ ဒီအချက်ကိုလည်း ထည့်သွင်းကြည့်ဖို့ လိုပါတယ်။
အန္တရာယ်ဖြစ်လာရင် ဘယ်သူ တာဝန်ယူမလဲ
နျူကလီးယားစီမံကိန်းတခုမှာ ဓာတ်ပေါင်းဖို ဆောက်ပြီးသွားတာနဲ့ ကိစ္စမပြီးပါဘူး။ နှစ်ပေါင်းများစွာ လောင်စာပေးရပါတယ်။ သုံးပြီးသားလောင်စာကို စီမံရပါတယ်။ စွန့်ပစ်ပစ္စည်းကိုလည်း ကိုင်တွယ်ရပါတယ်။ နျူကလီးယားလောင်စာကွင်းဆက်ရဲ့ နောက်ဆုံးအပိုင်းကလည်း အလွန်အရေးကြီးပါတယ်။ သုံးပြီးသား နျူကလီးယားလောင်စာနဲ့ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းတွေကို ဘယ်လို စီမံကြမလဲဆိုတာပါ။
မတော်တဆမှု ဖြစ်လာရင် ဘယ်လိုတုံ့ပြန်မလဲ
ဓာတ်ရောင်ခြည် ပျံ့နှံ့မှု ဖြစ်လာရင် ဘယ်လိုကာကွယ်မလဲ။ ဒီအတွက် မြန်မာဝန်ထမ်းတွေကို သင်တန်းပေးဖို့နဲ့ နည်းပညာပံ့ပိုးဖို့ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်နဲ့အညီ ရုရှားဘက်က ကူညီပေးမယ်လို့ သဘောတူထားပါတယ်။ ၂ နိုင်ငံသဘောတူစာချုပ်ထဲမှာလည်း “နျူကလီးယားလက်နက်မပြန့်ပွားရေး” ဆိုတဲ့ အချက်ကို ထပ်ခါတလဲလဲ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၉၂ ခုနှစ်ကတည်းက နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။ ရုရှားဘက်ကလည်း မြန်မာရဲ့ နျူကလီးယား အစီအစဉ်တွေကို IAEA ရဲ့ ထိန်းချုပ်စောင့်ကြည့်မှု အောက်မှာ ထားရမယ်လို့ သဘောတူညီချက်တွေမှာ ထည့်သွင်းထားပါတယ်။
အဓိကကတော့ ရုရှားပေးတဲ့ အကူအညီတွေကနေတဆင့် မြန်မာဘက်က နျူကလီးယားစွမ်းအင်ကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချခွင့် မရအောင် ကန့်သတ်ဖို့ ဖြစ်ပါတယ်။
ဘာကြောင့် အာဆီယံအတွက်ပါ အရေးကြီးတာလဲ
ဒီကိစ္စက မြန်မာနိုင်ငံတနိုင်ငံတည်းနဲ့ မပြီးပါဘူး။ ဒါဟာ အလွန်အရေးထားရမယ့်အချက်ဖြစ်ပြီး အရှေ့တောင်အာရှတခုလုံးရဲ့ ဒေသတွင်း လုံခြုံရေးကိုပါ သက်ရောက်မှုရှိလာမှာပါ။ လက်ရှိ အာဆီယံနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံမှာမှ စီးပွားဖြစ် လည်ပတ်နေတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ မရှိသေးပါဘူး။ ဒါပေမဲ့ ဆောက်လုပ်ဖို့ စီစဉ်နေတာတွေတော့ ရှိပါတယ်။ အခုလို မြန်မာဘက်က ခြေလှမ်းစလှမ်းလာတာက ဒေသတွင်း စွမ်းအင်လုံခြုံရေးကဏ္ဍအတွက် ရိုက်ခတ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
Stimson Center ရဲ့ လက်နက်ပြန့်ပွားမှု တားဆီးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ညွှန်ကြားရေးမှူးနှင့် အကြီးတန်း သုတေသီ ခရစ္စတီးနား မက်ခ်အယ်လစ္စတာက “အရှေ့တောင်အာရှဒေသတခုလုံးအပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်မလဲဆိုတာကို လုံခြုံရေးပိုင်းကနေ စပြောရရင်တော့ အရှေ့တောင်အာရှနိုင်ငံတွေ အားလုံးနီးပါးက နျူကလီးယားစွမ်းအင်ကို စိတ်ဝင်စားနေကြပါတယ်။ နျူကလီးယားစွမ်းအင်ကဏ္ဍမှာ ဘယ်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မလဲဆိုတာကိုလည်း ရှာဖွေနေကြတယ်။ နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်လာရင် လုံခြုံရေးအန္တရာယ်က အမြဲရှိပါတယ်။ အဓိက စိုးရိမ်ရတာကတော့ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ နျူကလီးယားအစီအစဉ် လုပ်နေသယောင် ဟန်ပြပြီး နောက်ကွယ်မှာ လျှို့ဝှက်နျူကလီးယားလက်နက်အစီအစဉ် လုပ်နေတာမျိုးပါ။ ဒါက လုံခြုံရေးအရ နံပါတ်တ စိုးရိမ်စရာလို့ ပြောလို့ရပါတယ်။ နောက်တခုကတော့ နျူကလီးယားပစ္စည်းတွေ၊ ရေဒီယိုသတ္တိကြွပစ္စည်းတွေ တရားမဝင် ကူးသန်းရောင်းဝယ်တာ၊ သယ်ယူပို့ဆောင်တာမျိုး ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသမှာတော့ ဒါကို အထူးသတိထားရမဲ့ ပြဿနာတခုလို့ ကျမထင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နယ်စပ်ဒေသတွေက ထိန်းချုပ်မှုအားနည်းပြီး အလွယ်တကူဝင်ထွက်လို့ရတဲ့နေရာတွေ များပါတယ်။ ဒါ့အပြင် တခြားပစ္စည်းတွေ တရားမဝင် သယ်ယူရောင်းဝယ်တဲ့ လမ်းကြောင်းတွေမှာ လက်နက်ကိုင် အဖွဲ့တွေလို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ဒါတွေဟာ လုံခြုံရေးပိုင်းက စိုးရိမ်ရမဲ့ အချက်တွေထဲမှာ ပါပါတယ်”လို့ ပြောပါတယ်။
ရုရှားအတွက် ဘာအကျိုးရှိလဲ
ဒီလို စိုးရိမ်စရာတွေရှိနေတဲ့ မြန်မာလို နိုင်ငံရဲ့ နျူကလီးယားစီမံကိန်းကို ရုရှားက ကူညီပေးနေတာက ဘာကြောင့်လဲ။ ပထမဆုံးအချက်က စီးပွားရေးအရ အကျိုးအမြတ်ရှိတာပါ။ နျူကလီးယားနည်းပညာနဲ့ ဓာတ်ပေါင်းဖို တင်ပို့ရေးဟာ ရုရှားရဲ့ အဓိက ပို့ကုန်တွေထဲက တခုဖြစ်ပါတယ်။ နောက်တခုက ပထဝီနိုင်ငံရေး အကျိုးစီးပွားပါ။ ပထဝီနိုင်ငံရေးအရလည်း ဩဇာလွှမ်းမိုးလာနိုင်မှာဖြစ်ပါတယ်။
ပြီးတော့ နျူကလီးယားစီမံကိန်းတွေမှာ ထူးခြားချက်တခု ရှိပါတယ်။ တခါ စတင်လိုက်ရင် နှစ်အနည်းငယ်နဲ့ မပြီးပါဘူး။ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်တာအပြင် လုံခြုံရေးစံနှုန်းတွေ၊ စည်းမျဉ်းစည်းကမ်းနဲ့ ကြီးကြပ်ရေးစနစ်တွေ တည်ဆောက်ဖို့ပါ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ စက်ရုံ စတင်လည်ပတ်သွားရင်လည်း ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုက အဲဒီမှာ ရပ်သွားမှာ မဟုတ်ပါဘူး။ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ရုရှားဘက်က နျူကလီးယားလောင်စာ ထောက်ပံ့တာ၊ သုံးပြီးသားလောင်စာကို စီမံခန့်ခွဲတာနဲ့ နည်းပညာပံ့ပိုးတာတွေ ဆက်ရှိနိုင်ပါတယ်။ ဒါကြောင့် နျူကလီးယားစီမံကိန်းတခုဟာ ရုရှားနဲ့ မြန်မာကြား ဆယ်စုနှစ်ပေါင်းများစွာ ဆက်သွယ်နေရနိုင်တဲ့ ဆက်ဆံရေးတခုကို ဖန်တီးပေးနိုင်ပါတယ်။
အဓိကမေးခွန်း — IAEA တကယ်စစ်ဆေးနိုင်မလား
နောက်ဆုံးမှာ အရေးအကြီးဆုံးမေးခွန်းတခု ကျန်ပါတယ်။ စာချုပ်ထဲက ကန့်သတ်ချက်တွေကို တကယ်လိုက်နာ၊ မလိုက်နာ ဘယ်သူက စစ်ဆေးမလဲ။ ရုရှားနဲ့ IAEA တို့ကရော အဆင့်တိုင်းကို အမှန်တကယ် စောင့်ကြည့်နိုင်ပါ့မလား။
မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာ IAEA နဲ့ နျူကလီးယားလက်နက်မပြန့်ပွားရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူစာချုပ် (Additional Protocol) ကို လက်မှတ်ထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ နျူကလီးယားလက်နက် ထုတ်တယ်လို့ သံသယရှိတဲ့ ဘယ်လို နေရာမျိုးကိုမဆို IAEA က ဝင်ရောက် စစ်ဆေးနိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အစိုးရက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ မှန်ကန်၊ ပြည့်စုံမှုရှိမရှိကိုလည်း စိစစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာလက်မှတ်ထိုးထားတဲ့ နောက်ဆက်တွဲသဘောတူစာချုပ်ဟာ အခုအချိန်အထိ အသက်မဝင်သေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်ကို တကယ်အကောင်အထည်ဖော်မယ်ဆိုရင် နိုင်ငံတကာစည်းမျဉ်းတွေနဲ့ သဘောတူညီချက်တွေကို အတိအကျ လိုက်နာဖို့ အရေးကြီးပါတယ်။
အထူးသဖြင့် အရင်က နျူကလီးယားလက်နက်အစီအစဉ်နဲ့ ပတ်သက်လို့ ကြိုးပမ်းဖူးတဲ့ မှတ်တမ်းတွေရှိခဲ့ဖူးတဲ့ မြန်မာနိုင်ငံအတွက် IAEA ရဲ့ အတားအဆီးမရှိ စစ်ဆေးပိုင်ခွင့်၊ ထိရောက်တဲ့ စောင့်ကြည့်စစ်ဆေးမှုက ပိုပြီးအရေးကြီးပါတယ်။ ကမ္ဘာပေါ်မှာလည်း Nuclear cheating လို့ ခေါ်တဲ့ ငြိမ်းချမ်းရေးသုံး နျူကလီးယားအစီအစဉ်တွေရဲ့ နောက်ကွယ်မှာ ကြေညာမထားတဲ့ လုပ်ဆောင်မှုတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနေရာမှာ မေးရမယ့်မေးခွန်းက “မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင် ရှိသင့်၊ မရှိသင့်” ဆိုတာတစ်ခုတည်း မဟုတ်ပါဘူး။
ဘယ်သူက ထိန်းချုပ်မလဲ။ ဘယ်သူက စစ်ဆေးမလဲ။ အများပြည်သူ ဘယ်လောက်အထိ သိခွင့်ရမလဲ။ IAEA က လိုအပ်တဲ့နေရာတွေကို ဘယ်လောက်ထိ ဝင်ရောက်စစ်ဆေးနိုင်မလဲ။ ဒါကြောင့် မြန်မာမှာ အကောင်အထည်ဖော်မဲ့ နျူကလီးယားစီမံကိန်းဟာ တကယ်ပဲ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်အတွက် ဖြစ်မလား။ ဒါမှမဟုတ် စစ်အာဏာရှင်တွေ သက်ဆိုးရှည်ရေးနဲ့ ဒေသတွင်းကို ခြိမ်းခြောက်မဲ့ လက်နက်တခု ဖြစ်လာမလား ဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ။











