
ရန်ကုန်တိုင်း သန်လျင်ခရိုင် ကျောက်တန်းမြို့ ရွှေကုန်းရပ်ကွက်မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက်ကို လူငယ်တယောက်က အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၈ ရက် ည ၈ နာရီခွဲလောက်က အောင်မင်္ဂလာလမ်းနဲ့ မြသီတာလမ်းထောင့်ရှိ လိုင်းခန်းတွဲအိမ်သာမှာ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အသက် ၁၃ နှစ်ဝန်းကျင် မိန်းကလေးဟာ နေအိမ်အနီးရှိ ရေစည်မှာ ခြေလက်သန့်စင်ဖို့ ထွက်သွားပြီး နာရီဝက်ခန့်ကြာတဲ့အထိ ပြန်မရောက်လာတာကြောင့် မိခင်ဖြစ်သူက လိုက်လံရှာဖွေခဲ့ရာမှာ အိမ်နီးချင်းလိုင်းခန်းမှာ နေထိုင်တဲ့ ထက်ပြည့်အောင် ဆိုသူကို အိမ်သာအနီးမှာ တွေ့ရှိခဲ့ပြီး မိန်းကလေးကိုလည်း အိမ်သာအတွင်းမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူက သမီးဖြစ်သူကို မေးမြန်းရာမှာ ထက်ပြည့်အောင်က လက်ဆွဲခေါ်ဆောင်ပြီး ပါးစပ်ပိတ်ကာ အိမ်သာအတွင်း တကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မိခင်ဖြစ်သူက သမီးကို လိုက်ရှာရင်း အိမ်သာအတွင်းမှာ တွေ့ခဲ့တာပါ။ မေးမြန်းကြည့်တော့ အိမ်နီးချင်းလူငယ်က တကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ သမီးဖြစ်သူက ပြောပြခဲ့ပါတယ်” လို့ ပြောပါတယ်။
အဲဒီနောက် မိခင်ဖြစ်သူက သမီးဖြစ်သူအပေါ် ကျူးလွန်ခဲ့သူကို ဥပဒေအရ အရေးယူပေးဖို့ ကျောက်တန်းမြို့မရဲစခန်းမှာ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကျူးလွန်သူဆိုတဲ့ ကောင်လေးကို ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားပါတယ်။ ကျောက်တန်းမြို့မရဲစခန်းမှာပါ” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တန်းမြို့မရဲစခန်းမှာ (ပ) ၁၁၆/၂၀၂၆၊ အမှုကြီးအမှတ်စဉ် (၄/၂၀၂၆)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပြီး ထက်ပြည့်အောင်ကို ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။











