
ရခိုင်ပြည်နယ်၊ ဝီရဌာနေ(ပေါက်တော)မြို့နယ်၊ ယင်ရဲကန်ကျေးရွာမှာ အသက်မပြည့်သေးတဲ့ မိန်းကလေး တယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား ထွက်ပြေးတိမ်းရှောင်သွားပြီး ဖမ်းမမိ သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် မောင်ကျော်သိန်းကို တိုင်ကြားထားပြီး အာရက္ခတပ်တော် (AA) ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးချိန် ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အခုထိ ဖမ်းမမိသေးဘူး။ ကလေးမက ကိုယ်ဝန် ၈ လ ရှိနေပြီ” လို့ DVB ကို ပြောပါတယ်။
မတ် ၂၉ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးဟာ သူငယ်ချင်းတွေနဲ့ မုန့်လုပ်စား ပြီးနောက် အပြန်လမ်းမှာ မောင်ကျော်သိန်းဆိုသူရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်ကို မိန်းကလေးရဲ့ မိဘတွေက ဇွန် ၁၄ ရက် မနက် ၈ နာရီမှ သိရှိခဲ့ပြီး ဇွန် ၁၈ ရက်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဆီ တိုင်ကြားခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် ဇွန် ၁၉ ရက်မှာ သပြေကန်ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့က တရားခံလို့ တိုင်ကြားခံထားရသူ မောင်ကျော်သိန်းကို သွားရောက်ဖမ်းဆီးပေမဲ့ ထွက်ပြေး တိမ်းရှောင် သွား ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ မောင်ကျော်သိန်းရဲ့ ဖမ်းဆီးရမိမှု အခြေအနေနဲ့ အမှုဆက်လက်ဆောင်ရွက်နေမှုတို့ကို သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။











