
ရခိုင်ပြည်နယ်၊ ပေါက်တော (ခ) ဝီရဌာနီမြို့နယ်ကို နိုဝင်ဘာ ၁ ရက် ဒီမနက်အစောပိုင်းမှာ စစ်အာဏာရှင်တပ်က ဗုံးကြဲလို့ လူ ၅ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝီရဌာနီမြို့နယ်၊ ရွာချောင်းကြီးကျေးရွာနဲ့ မြို့ပေါ်ရပ်ကွက်တွေကို ဒီကနေ့ မနက် ၃ နာရီလောက်မှာ Y-12 လေယာဉ်နဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“မြို့ပေါ်နဲ့ ရွာချောင်းကြီးရွာကို ဗုံးပတ်ကြဲတာ။ မြို့ပေါ်ကို ၅ လုံးကျတယ်။ ရွာချောင်းကြီးရွာကို အလုံးရေ ၃၀ ကျော်တယ်။ ရွာချောင်းကြီးရွာက ကလေးတယောက်နဲ့ ဆယ်ကျော်သက်တယောက်၊ လူကြီး ၃ ယောက်၊ စုစုပေါင်း ၅ ယောက်ဒဏ်ရာရတယ်။ အဲဒီအထဲက သက်ကြီးရွယ်အိုအဘိုးတယောက်က ဦးခေါင်းမှာဒဏ်ရာပြင်းတယ်။ သေမလားရှင်မလား မသိရသေးဘူး” လို့ ပြောပါတယ်။
ရွာချောင်းကြီးကျေးရွာက အသက် ၃၅ နှစ်အရွယ် ဒေါ်မစောတင်၊ အသက် ၂၄ နှစ်အရွယ် ဒေါ်မေဦးခင်၊ အသက် ၆ နှစ်အရွယ် မဆန်းနွယ်ဦး၊ အသက် ၁၄ နှစ်အရွယ် မမငယ်၊ အသက် ၇၀ အရွယ် ဦးဒါအောင်ကျော်တို့ ဒဏ်ရာရခဲ့ပြီး ဦးဒါအောင်ကျော်က ခေါင်းမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ပေါက်တော(ခ) ဝီရဌာနီမြို့နယ်က ငပြီကျွန်းမှာ AA နဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲပြင်းနေတာကြောင့် အခုလို ဗုံးကြဲတိုက်ခိုက်နေတာလို့ ဝီရဌာနီမြို့နယ်က ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“လက်ရှိမှာ နေ့တိုင်းလိုလို ဗုံးအကြဲခံရဆုံးက ပေါက်တောပါ။ မနေ့ညကလည်း ပစ်ခတ်သံတွေ ဗုံးချသံတွေကို တညလုံးကြားရပါတယ်”
အောက်တိုဘာ ၂၆ ရက်က စစ်တွေစစ်မျက်နှာရဲ့ ရေကြောင်းစစ်ဆင်ရေးမှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို AA က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သလို အောက်တိုဘာ ၃၀ ရက်မှာလည်း စစ်တပ်ရဲ့ စစ်တပ်လေထီးတစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ AA က အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ထားပါတယ်။











