
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲမွတ်စလင် ဒုက္ခသည်စခန်းအနီးကို နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူငယ်တယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာ ၉ ရက်၊ မွန်းတည့် ၁၂ နာရီမှာ အနောက်ရဲ မွတ်စလင် ဒုက္ခသည်စခန်းအနီးက မြစ်ကမ်းနံဘေးကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ် တစင်းနဲ့ ဗုံးတလုံး ကြဲချ တိုက်ခိုက်လို့ ငါးရှာနေတဲ့ မွတ်စလင် လူငယ်တယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံမှာ သေဆုံးခဲ့တာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“လူငယ်က စခန်းအနီးက မြစ်မှာ ငါးရှာနေစဉ်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ လူငယ်က ဒဏ်ရာအပြင်းအထန် ရရှိပြီး ဆေးရုံအရောက်မှာ ဆုံးသွားတာ။”
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးသွားသူမှာ အနောက်ရဲမွတ်စလင် ဒုက္ခသည် စခန်းက အသက် ၁၄ အရွယ် မောင်မာမောက်အာယုပ် ဖြစ်ပါတယ်။
အခုလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အနောက်ရဲ မွတ်စလင် ဒုက္ခသည်စခန်းဟာ စစ်တွေမြို့ရဲ့ တဖက်ကမ်းမှာ တည်ရှိတာဖြစ်ပြီး စစ်အာဏာရှင်တပ်က မကြာခဏဆိုသလို လေကြောင်းကနေ ဗုံးကြဲတာနဲ့ ရေတပ်က လက်နက်ကြီပစ်ခတ်တိုက်ခိုက်တာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အောက်တိုဘာ ၁၀ ရက်ကလည်း ပေါက်တောမြို့နယ်၊ ဆင်အိုင်ကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၇ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလအတွင်း ရခိုင်က မြို့နယ် ၅ ခုကို စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သား သေဆုံးသူဟာ ၁၇ ယောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူဟာလည်း ၅၄ ယောက်ထက်မနည်းရှိလာနေတာလည်း ဖြစ်ပါတယ်။











