
ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်မှာ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ကျားဖောင်နဲ့အတူ မျောပါလာတဲ့ ရေလုပ်သား ၅ ယောက်ကို ကျေးရွာနေ ပြည်သူတွေက ကူညီကယ်တင်ထားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၁ ရက် မနက် ၇ နာရီလောက်က ကျောက်တန်းမြို့နယ်၊ အောင်ချမ်းသာ ကျေးရွာ အုပ်စု၊ မရမ်းဇွဲဘာ ကမ်းပတ်တာအောက် ပင်လယ်ကမ်းခြေမှာ ကျားဖောင်နဲ့အတူ မျောပါလာတဲ့ ရေလုပ်သား ၅ ယောက်ကို ကျေးရွာနေသူတွေက ကူညီကယ်တင်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
"ဘယ်တုန်းကတည်းက မျောပါပြီး ရောက်လာသလဲတော့ မသိပါဘူး။ ရွာသားတယောက်က စတွေ့လို့ ရွာလူကြီးကို အကြောင်းကြားပြီး သွားကယ်ကြတာပါ။ ဧရာဝတီတိုင်းဘက်ကလို့ ပြောပါတယ်။”
ရေလုပ်သားတွေကို စတွေ့ခဲ့တဲ့ ရွာသားက ရွာလူကြီးနဲ့ ရပ်မိရပ်ဖတွေထံ အကြောင်းကြားခဲ့လို့ သွားရောက်ခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ရေလုပ်သား ၅ ယောက်ဟာ ပြင်စလူမြို့ ပတဲကောကျေးရွာက ဦးစိုးနိုင်၊ ဦးမြဝင်း၊ ကုန်းကြီးကျေးရွာက ဦးသန်းထွန်း၊ ဦးဖိုးချိုနဲ့ အမာမြို့နယ် ဘိုကုန်းကျေးရွာက ဦးချစ်ကို တို့ဖြစ်ကြပြီး စက်တင်ဘာ ၂၃ ရက်က ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာခဲ့ပြီးနောက် စက်တင်ဘာ ၂၇ ရက်မှာ မုန်တိုင်းမိကာ ကျားဖောင်ကြိုးပြတ်ပြီး မျောပါလာခဲ့တာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးနဲ့ နီးစပ်သူက "သူတို့ ပြောပြချက်အရဆိုရင် စက်တင်ဘာ ၂၇ ရက်ကတည်းက ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ကျားဖောင်ပျက်ကာ မျောပါလာတာပါ။ ပြင်စလူက ၄ ယောက်၊ အမာမြို့နယ်က ၁ ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးက ခေါ်ယူစောင့်ရှောက်ထားပြီး မိသားစုဆီ ပြန်ပို့ပေးဖို့ စီစဉ်နေပါတယ်" လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လကလည်း သန်လျင်မြို့နယ်မှာ ကျားဖောင်ကြိုးပျက်ပြီး မျောပါလာတဲ့ ရေလုပ်သား ၃ ယောက်ကို ဒေသခံတွေက ကူညီကယ်တင်ပေးခဲ့ဖူးပါတယ်။










