
ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းလေးကျေးရွာမှာ ၉ တန်းကျောင်းသူလေးအား မုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့ အိမ်နီးချင်းအမျိုးသားကို ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိဘတွေ အလုပ်သွားနေချိန် နေအိမ်မှာ တယောက်တည်း ကျန်ခဲ့တဲ့ ကလေးမလေးကို ဇွန် ၂၀ ရက် မနက် ၈ နာရီမှာ အိမ်နီးချင်းအမျိုးသားက နေအိမ်ပေါ်တက်ပြီး မုဒိမ်းကျင့်ဖို့ လုပ်ခဲ့တာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ကလေးမလေးကို ဘေးအိမ်ကကောင်က မိဘတွေမရှိတုန်း အိမ်ပေါ်တက်ပြီး မုဒိမ်းကျင့်ဖို့ လုပ်တာ။ ဘေးပတ်ဝန်းကျင်ကို အော်ပြီး အကူအညီတောင်းလို့ ဘာမှမဖြစ်သွားတာ။ အခု အဲဒီကောင်ကို ရဲတွေ ဖမ်းမိတယ်။”
ကလေးမလေးက မိဘဖြစ်သူတွေကို ဖုန်းဆက်အကြောင်းကြားရာ မိခင်ဖြစ်သူက အလုပ်ကနေ ပြန်လာပြီး ကျောက်တန်းမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ပြီးနောက် စစ်အာဏာရှင်လက်အောက်ခံ ရဲတွေဟာ ပြစ်မှုကျူးလွန်သူ အမျိုးသားကို ညောင်ဝိုင်းလေးကျေးရွာမှာတင် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူ နိုင်ဇော်ဦးကို ကျောက်တန်းမြို့မရဲစခန်းက (ပ) ၆၅/၂၀၂၆၊ ပုဒ်မ - ၃၇၆၊ ၅၁၁ နဲ့ အမှုဖွင့်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်း ၂၀၂၁ ခုနှစ်မှာ မုဒိမ်းမှု ၉၆၉ မှု၊ ၂၀၂၂ ခုနှစ်မှာ အမှု ၈၆၀၊ ၂၀၂၃ ခုနှစ်မှာ ၇၀၅ မှု၊ ၂၀၂၄ ခုနှစ်မှာ ၅၆၂ မှုနဲ့ ၂၀၂၅ ခုနှစ်မှာ ၇၄၃ မှု၊ စုစုပေါင်း ၃,၅၆၆ မှုရှိပြီး မုဒိမ်းမှုတွေရဲ့ ထက်ဝက်ဟာ သက်ငယ်မုဒိမ်းမှုဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။










