
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကညင်ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာကနေ ရေးသား ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကညင်ပင်ကို သိပ္ပံလို Dipterocarpus Turbinatus လို့ခေါ်ပြီး အင်္ဂလိပ်လို wood-oil tree လို့ ခေါ်ပါတယ်။
ကညင်ပင်မှာ Dipterocarpol, Oleoresin- Dammarenediol II, Betulonic acid,Essential oil- A-cadiena, a-Muurolene, စတဲ့ ကျန်းမာရေး အကျိုးပြုဓာတုဓာတ်ပေါင်းတွေ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ ပိုးသတ်ဆေး အာနိသင်ရှိခြင်း၊ အကိုက်အခဲပျောက်ဆေး အာနိသင်ရှိခြင်း၊ အစာကြေစေခြင်း၊ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ အနာကျက်စေခြင်း စတဲ့ အာနိသင်တွေ ရှိပါတယ်။
ဆေးဘက်ဆိုင်ရာမှာ ကညင်ပင်ရဲ့ အခေါက်၊ အဆီ တို့ကို သုံးစွဲကြပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်းများအတွက် ကညင်ခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ရေနွေးနွေးနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။ အစာစားပြီးနောက် အခေါက်မှုန့်ကော်ဖီ ၁ ဇွန်းကို ရေနွေးနွေး၊ ပျားရည်နဲ့ ရောစပ်ပြီး သောက်သုံးပေးခြင်းက အစာဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး အစာလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအတွက် အခေါက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်သုံးနိုင်ပါတယ်။ မီးသွေးပေါ်မှ အစေးအနည်းငယ်ကို ညင်သာစွာ အပူပေးပြီး အငွေ့တွေကို တနေ့ ၂-၃ ကြိမ် ရှူပေးနိုင်ပါတယ်။
အဆစ်ရောင်ရောဂါအတွက် အခေါက်မှုန့်ကော်ဖီ ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အဆစ်အမြစ် ရောင်ရမ်းနာကျင်တာနဲ့ ထိခိုက်မှုကြောင့် ရောင်ရမ်းတာတွေမှာ ကညင်ဆီကို အုန်းဆီ၊ နှမ်းဆီနဲ့ ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။
အမျိုးသမီးတွေ ရာသီသွေးမမှန်ခြင်းအတွက် အခေါက်မှုန့်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ အအေးမိခြင်း၊ နှာစေး ချောင်းဆိုးခြင်းတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေမှာ အခေါက်မှုန့် ကော်ဖီ ၁ ဇွန်းကို ရေနွေးနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့ ဆီးလမ်းကြောင်းဆိုင်ရာရောဂါတွေမှာ အခေါက်ပြုတ်ရည် ရေနွေးကြမ်း ပန်းကန်တဝက်ကို တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
ကြွက်သားတောင့်တင်းတာ၊ အရိုးအဆစ်ရောင်တာ၊ ထိခိုက်ဒဏ်နာတွေမှာ ကညင်ဆီကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
နှင်းခူရောဂါနဲ့ အရေပြားရောဂါတွေအတွက် ကညင်အစေးကို အုန်းဆီ၊ နှမ်းဆီနဲ့ ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။ အနာစိမ်းနဲ့ ပြည်တည်နာတွေမှာ ကညင်အခေါက်ကို ထုထောင်းပြီး အုံပေးနိုင်ပါတယ်။
ထိခိုက်ရှနာ၊ ပွန်းပဲ့ဒဏ်ရာတွေ သွေးထွက်ခြင်းမှာ ကညင်ခေါက် သွေးရည်ကို လမ်းပေးနိုင်ပါတယ်။
ကညင်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကျွံ သုံးစွဲခြင်းကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကညင်ပင်ကို သောက်ဆေးအဖြစ် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကညင်ဆီနဲ့ ဓာတ်မတည့်သူတွေ ကညင်ပင်ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ။
နွေဦးပြည်သူတွေ ကညင်ပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။











