
ရန်ကုန်မှာ အိမ်စီးကားအသုံးပြု အရပ်ဝတ်နဲ့ ပေါ်တာဆွဲတာတွေ ပိုမိုလုပ်ဆောင်လာပြီး စစ်အာဏာရှင်တပ်သားတွေက လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် ဖမ်းဆီးလာတယ်လို့ ကိုယ်တွေ့ ကြုံရသူ တချို့က ပြောပါတယ်။
မရမ်းကုန်းမြို့နယ်မှာ နေထိုင်ပြီး ကိုယ်တိုင်ပေါ်တာဘေးက လွတ်ခဲ့သူတယောက်က “အဲဒီနေ့က ကျနော် အလုပ်ကနေ အိမ်ပြန်လာတာ ညနေ ၅ နာရီကျော်လောက်က။ အိမ်စီးကားဖြူတစီးက ကျနော့်ရှေ့မှာ ပိတ်ရပ်ပြီး မလှုပ်နဲ့လို့ အော်ပြောတယ်။ အထဲကနေ အရပ်ဝတ်နဲ့ ၃ ယောက်က ချက်ချင်း ပြေးထွက်လာတာ။ ကျနော်လည်း ချက်ချင်း ထွက်ပြေးလိုက်လို့ လွတ်လာတာ” လို့ ပြောပါတယ်။
အဓမ္မစစ်မှုထမ်းစေမှုကို စောင့်ကြည့်မှတ်တမ်းတင်သူ တချို့ကတော့ စစ်သင်တန်းအပတ်စဉ်တခု နီးတိုင်း စစ်အာဏာရှင် တပ်သားတွေဟာ သတ်မှတ်လူစာရင်းပြည့်ဖို့ အခုလို လုပ်ဆောင်နေတာ ဖြစ်ပြီး ဒီ ဇွန်လ ဒုတိယအပတ်ထဲမှာတင် ဒေါပုံမြို့နယ်မှာလည်း ကိုယ်တိုင်ကြုံခဲ့ရတယ်လို့ နောက်ထပ်လူငယ်တယောက်က ပြောပါတယ်။
“ကျနော်က သင်တန်းကနေ လမ်းလျှောက် ပြန်လာတာ။ ဘေးကဖြတ်သွားတဲ့ ကားသမား တယောက်က နောက်မှာ ဖမ်းဖို့လာနေတယ်လို့ ကားမောင်းရင်း ကပ်ပြောသွားတာ။ ကျနော် လှည့်ကြည့်လိုက်တော့ သူတို့က ရပ်လို့ အော်ပြီး ပြေးလာတာ။ ကျနော်လည်း သူတို့မြင်မြင်ချင်း အသားကုန်ထွက်ပြေးလို့ အဖမ်းမခံရတာ။”
စစ်အာဏာရှင်တပ်သား၊ ရဲ၊ လူမိုက်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဟာ သက်ဆိုင်ရာ မြို့နယ်တွေအလိုက် ညပိုင်းတွေမှာ အိမ်စီးကားတွေနဲ့ ကင်းပတ်ရင်း လူငယ်တယောက်၊ နှစ်ယောက် သွားလာနေတာတွေ့ရင် ထိုးကြိတ် ရိုက်နှက်ပြီး ပေါ်တာဆွဲနေတာလို့ မျက်မြင်ကြုံဖူးသူ တချို့ကလည်း ပြောပါတယ်။
ဇွန် ၁၂ ရက်၊ ညနေပိုင်းကလည်း မရမ်းကုန်းမြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်မှာ ဘတ်စ်ကားစီးဖို့ စောင့်နေတဲ့ ကုမ္ပဏီဝန်ထမ်း လူငယ်တယောက် ပေါ်တာဆွဲခံခဲ့ရပါတယ်။
အဲဒီလူငယ်ဟာ ၃ ရက်ကြာမှ မိသားစုကို ဆက်သွယ်ခဲ့ပြီး ရှမ်းပြည်နယ်မှာ စစ်သင်တန်း တက်နေရကြောင်း ပြောခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရဲစခန်းမှာရှိတဲ့ စစ်အာဏာရှင်တပ်သားတွေ၊ ရဲတွေနဲ့ မြို့ခံလူမိုက် တချို့ဟာလည်း သင်္ဃန်းကျွန်းမြို့နယ်တွင်းမှာ ည ၉ နာရီနောက်ပိုင်း တယောက်စ၊ နှစ်ယောက်စ သွားလာတာတွေ့တဲ့ လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ဒေသခံတယောက်က “ည ၇ နာရီ နောက်ပိုင်းဆို ရဲစခန်းထဲကနေ ရဲကား၊ အိမ်စီးကား၊ ဆိုင်ကယ်ကော၊ ဘေးတွဲတွေနဲ့ကော ထွက်ပြီး ကင်းပတ်ကြတာ။ အရပ်ဝတ်တွေကော၊ ယူနီဖောင်းတွေနဲ့ကော ထွက်ကြတာ။ မေလကုန်ခါနီးတုန်းက ရပ်ကွက်ထဲက ကောင်လေး တယောက် သူ့အိမ်သူ ပြန်လာတာ။ စခန်းထဲကနေ ထွက်ဆွဲတာ ခံလိုက်ရတယ်။ အချိတ်အဆက် ကောင်းလို့ ပြန်လွတ်လာတာ။ ကျပ် သိန်း ၂၀ လောက် ပေးလိုက်ရတယ်တဲ့၊ ဖြစ်နိုင်ရင် ညပိုင်းတွေ အပြင်မထွက်တာ ကောင်းတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရန်ကုန်မြို့ပေါ်မှာ လူငယ်တွေကို အဓမ္မပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်နေသလို ညပိုင်းတွေမှာလည်း ဧည့်စာရင်းစစ်ရင်း ဖမ်းခံရတာ၊ စစ်မှုထမ်း ဆင့်ခေါ်စာနဲ့ အိမ်တွေထိ လာရောက်ဖမ်းဆီးရှိနေတယ်လို့ မြို့ခံတချို့က ပြောကြပါတယ်။










