
ကရင်နီပြည်နဲ့ ကယန်းဒေသမှာ စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
PKPF ရဲ့ နိုဝင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ အာဏာစသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ အရပ်သားပြည်သူ ၉၁၁ ယောက် သေဆုံးခဲ့တာပါ။
စစ်ဘေးရှောင် အမျိုးသားတယောက်က “ကလေးတွေနဲ့ မိခင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေတာပေါ့နော်။ စစ်ပွဲနဲ့မဆိုင်တဲ့ အရပ်သားတွေကိုလည်း တိုက်ခိုက်တာပေါ့။ လုံးဝ ပစ်ခတ်တိုက်ခိုက်လို့မရတဲ့ထဲမှာ ဆေးရုံတို့ ကျောင်းတို့ပါတာပေါ့နော်။ ကျောင်းတွေကို ကြဲတာမျိုးက တမင်တကာလည်းဖြစ်တာပေါ့” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေထဲမှာ ၃ တန်းအရွယ် ကလေးငယ်ကအစ ပါဝင်နေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိပါတယ်။
၂၀၂၆ ခုနှစ်ထဲမှာ စစ်တပ်က အရပ်သားပြည်သူတွေ ရှိရာနေရာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း ကရင်နီနဲ့ကယန်းဒေသမှာ တိုက်ပွဲပေါင်း ၁,၆၃၁ ကြိမ်ဖြစ်ခဲ့သလို စစ်တပ်က အကြိမ် ၂,၂၂၀ လေကြောင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်ပေါင်း ၃,၄၄၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၆၇ ခု၊ စာသင်ကျောင်း ၃၄ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၉ ခု ပျက်စီးခဲ့ရပြီး မတရားဖမ်းဆီးခံရသူ ၄၂ ယောက်ရှိတယ်လို့ PKPF ရဲ့ မှတ်တမ်းအရ သိရပါတယ်။











