
အင်ဒိုနီးရှားနိုင်ငံမှာ နေ့ကလေးထိန်းဌာနရဲ့ စောင့်ရှောက်မှုအောက်မှာရှိတဲ့ ကလေးတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ နေ့ကလေးထိန်းဌာနဝန်ထမ်း ၁၁ ယောက်ကို တရားရုံးက သြဂုတ် ၁၈ ရက်မှာ စပြီး ရုံးတင်စစ်ဆေးခဲ့ပါတယ်။
ဧပြီလနှောင်းပိုင်းမှာ ယိုဂျာကာတာမြို့က နေ့ကလေးထိန်းဌာနကို ရဲတွေက ဝင်ရောက်စီးနင်းခဲ့တာမှာ အသက် ၂ နှစ်ကနေ ၆ နှစ်ကြား ကလေးတွေ အများအပြားရဲ့ လက်နဲ့ ခြေထောက်တွေကို ကြိုးနဲ့ ချည်နှောင်ထားတာကို စစ်ဆေးတွေ့ခဲ့ပါတယ်။ ကလေးတချို့က တံခါးတွေမှာ ချည်ထားခံရတာပါ။
အဆိုပါ ဝန်ထမ်း ၁၁ ယောက်ကို ကလေးတွေအပေါ် လျစ်လျူရှုမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားစွဲခဲ့တယ်လို့ ယိုဂျာကာတာ တရားရုံးရဲ့ အစိုးရရှေ့နေတွေက တိုက်ရိုက်ထုတ်လွှင့်တဲ့ တရားရုံး ကြားနာမှုမှာ ပြောပါတယ်။
ကလေးထိန်းတွေဟာ ကလေးတွေကို သင့်တော်တဲ့ အစားအစာတွေ မကျွေးဘဲ ခြေထောက်တွေကို ကြိုးနဲ့ တုပ်ထားတယ်လို့ စွပ်စွဲခံထားရတာပါ။
ကလေးတွေကို စိတ်ခံစားမှုဆိုင်ရာ အနှောင့်အယှက်ဖြစ်စေပြီး အိပ်စက်ခြင်းဆိုင်ရာ ရောဂါတွေ ဖြစ်စေတဲ့အထိ တခြားလုပ်ရပ်တွေ အများအပြားအတွက်လည်း စွပ်စွဲခံထားရတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ကလေးသူငယ် ၁၄၄ ယောက်ဟာ ညှဉ်းပန်းနှိပ်စက်မှုရဲ့ သားကောင်တွေ ဖြစ်ခဲ့တယ်လို့ ရှေ့နေက ပြောဆိုခဲ့ပြီး ဒီအမှုကြောင့် ထိခိုက်ခံရသူတွေ အများကြီးရှိနေတုန်းပါပဲ။
ကလေးမိဘတယောက်က “ကျမရဲ့ကလေးက ကုထုံးခံယူနေဆဲ ဖြစ်သလို အပြုအမူတွေ ကွဲလွဲနေတဲ့ ကုထုံး ခံယူနေဆဲသူတွေလည်း အများကြီးရှိသေးတယ်” လို့ ပြောပါတယ်။
ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူတွေက ဒီအမှုကို အင်ဒိုနီးရှားသမိုင်းမှာ အရေးပါဆုံး ကလေးသူငယ် အလွဲသုံးစားမှု အရှုပ်တော်ပုံတွေထဲက တခုအဖြစ် ဖော်ပြခဲ့သလို နိုင်ငံတဝန်း မျက်နှာဖုံးသတင်းတွေ ဖြစ်လာခဲ့ပြီး ရှုတ်ချမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
တရားခံတွေရဲ့ ရှေ့နေတွေကိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး မှတ်ချက်တောင်းဖို့ ချက်ချင်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကလေးသူငယ်တွေကို ရိုးရာအစဉ်အလာအရ သူတို့ရဲ့ မိသားစုဝင်တွေက ပြုစုစောင့်ရှောက်တဲ့ အင်ဒိုနီးရှားမှာ ဒီအယူအဆက အတော်လေး အသစ်အဆန်းဖြစ်ပေမဲ့ နေ့ကလေးထိန်းဌာန ထောင်ပေါင်းများစွာ ရှိနေပါတယ်။
Source: Reuters











