၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (D) ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် အမေရိကန်နဲ့ ဩစတြေးလျတို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်ရှိ ဆီရယ်တဲလ်မြို့ အားကစားကွင်းမှာ ဒေသအချိန် ဇွန် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြာရာမှာ အမေရိကန်က ( ၂-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲစဉ် ပထမပိုင်းမှာ ၁၁ မိနစ်မှာပဲ ဩစတြေးလျအသင်းမှ ကင်မရွန်ဘားဂတ်စ်က ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ အမေရိကန်အသင်း ဦးဆောင်ဂိုးရသွားခဲ့ပြီး ပွဲချိန် ၄၃ မိနစ်မှာ အဲလက်စ် ဖရီးမန်းက ခေါင်းတိုက်ပြီး အမေရိကန်အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အမေရိကန်အသင်းက ပွဲကိုထိန်းချုပ်ကစားခဲ့သလို ဩစတြေးလျအသင်းကလည်း ချေပဂိုးရဖို့ အမေရိကန် အသင်းဘက်ကို အကြိမ်ကြိမ်ထိုးဖောက် ကစားခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ အမေရိကန်အသင်းက (၂-၀) ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ပူးတွဲအိမ်ရှင် အမေရိကန်အသင်းဟာ မက္ကဆီကိုပြီးရင် ၃၂ သင်း ရှုံးထွက်အဆင့်သို့ ဒုတိယမြောက် တက်ရောက်နိုင်တဲ့ အသင်းဖြစ်ဖို့ နီးစပ်သွားပြီး အခြေအနေကောင်းသွားပါတယ်။
နည်းပြပိုချက်တီနို ဦးဆောင်တဲ့ အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ရက်က လော့စ်အိန်ဂျလိစ်မှာ ကစားခဲ့တဲ့ အုပ်စု ပထမပွဲစဉ်မှာ ပါရာဂွေးအသင်းကို (၄-၁) ဂိုးနဲ့အနိုင်ရထားတဲ့အတွက် ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရှိနေပါတယ်။
တကယ်လို့ အုပ်စုတွင်းပြိုင်ဘက် တူရကီအသင်းက ပါရာဂွေးအသင်းကို အနိုင်မရခဲ့ပါက အမေရိကန်အသင်းအနေနဲ့ အုပ်စု (D)မှာ အုပ်စုဗိုလ်အဖြစ် နောက်တဆင့် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Source: SkySports/ BBC










