
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဒွိုင်လော်မြို့နယ်ထဲမှာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက စေတီတော်တဆူ ပြိုကျသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါစေတီတော်မှာ ဆန်သိဆုခ်ရပ်ကွက်နယ်မြေ ၆ က ဝပ်မိုင် နောင်ဟွိုင် ဘုန်းကြီးကျောင်းဝင်းထဲမှာ တည်ရှိပြီး မနေ့မနက် ၉ နာရီခွဲလောက်က မိုးမရွာ လေပြင်းမတိုက်ဘဲ ထီးတော်ကနေ စေတီအလယ်ပိုင်းထိ ထက်ပိုင်းကျိုးကာ ပြိုကျသွားကြောင်း အနီးနားရှိ ပြည်သူတွေက သတင်းထောက်ကို ပြောပါတယ်။
မြို့နယ်သာသနာရေးဦးစီးဌာနနဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး အကြောင်းရင်းမှန် စုံစမ်းစဉ် ရဲတပ်ဖွဲ့ကလည်း နောက်ဆက်တွဲ ဘေးအန္တရာယ်ကာကွယ်တဲ့ အနေနဲ့ အဆိုပါနေရာတဝိုက်ကို ကြိုးနီတားပြီး ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းထိုင်ဆရာတော် ဖရာ့အင်ထရာက အဆိုပါစေတီမှာ ကျောင်းတိုက်ရဲ့ ဒါယကာ၊ ဒါယိကာမနဲ့ ရပ်နီးရပ်ဝေး အလှူရှင်တွေ စုပေါင်းပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကမှ စတင်တည်ဆောက်ကာ မနှစ်ကမှ အလုံးစုံပြီးမြောက်တယ်၊ ဒီနှစ် ဖေဖော်ဝါရီလကမှ စေတီတော် ထီးတင်ပွဲ လုပ်ခဲ့တယ်၊ စေတီဉာဏ်တော် ၃၀ မီတာမြင့်ပြီး ၈၀ ရာခိုင်နှုန်းလောက် ကျိုးကျ ပျက်စီးသွားတာလို့ ဆိုပါတယ်။
စေတီတော်ကြီး ပြိုကျရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ခုရက်ပိုင်းတွင်း မိုးသည်းထန်ပြီး လေပြင်း တိုက်တာကြောင့် စေတီနံရံထဲ ရေတွေဝပ်ပြီး ကျိုးကျသွားတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဝါရင့် ဗိသုကာတယောက်ကတော့ စေတီရဲ့ အလယ်အူတိုင် ထောင်ထားခြင်းမရှိဘဲ အုတ်တွေကို အဆင့်ဆင့်စီပြီး အလယ်မှာ လိုဏ်ခေါင်းဖြစ်နေတာကြောင့် အလွယ်တကူပြိုကျကြောင်း သုံးသပ် ပြောဆိုပါတယ်။
စေတီတော်အလှူရှင်တွေကတော့ သူတို့တည်ထားကိုးကွယ်တဲ့ စေတီကြီးကို ပိုမိုခိုင်ခံ့ ကောင်းမွန်အောင် ပြန်လည်လှူဒါန်း တည်ဆောက်မယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Source: Amarin TV News / Chiangmai News











