
ရန်ကုန် စမ်းချောင်းမြို့နယ်ထဲက ဘီယာဆိုင် စက်တင်ဘာ ၁၃ ရက် မနေ့ညက မီးလောင်ကျွမ်းမှုမှာ အမျိုးသား ၂ ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
မနေ့ည ၈ နာရီ မိနစ် ၂၀ လောက်မှာ စမ်းချောင်းလမ်းက Bar 4U ဘီယာဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး Level 1 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ကြရတာပါ။
ဘီယာဆိုင်ရဲ့ မျက်နှာကြက်မှာ အလှဆင်ထားတဲ့ မီးဆိုင်းကနေ ဝါယာရှော့ခ်ဖြစ်လို့ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းချိန် မိနစ် ၂၀ ဝန်းကျင်အတွင်း ဘေးက ဆိုင်ခန်း ၃ ခန်းကိုပါ ကူးစက်လောင်ကျွမ်းသွားတယ်လို့ သိရပါတယ်။
စမ်းချောင်းဒေသခံတယောက်က “မီးလောင်တာ ကျွတ်ဆင်ကြီး၊ ရှယ်လောင်တာ။ မျက်စိရှေ့တင်၊ သေသွားတဲ့ ကောင်လေးတွေက ဆိုင်ဝန်ထမ်းလေးတွေနဲ့တူတယ်၊ လူငယ်ပိုင်းတွေပဲ။ မီးသတ်တွေ အချိန်မီရောက်လာလို့၊ မဟုတ်ရင် အဲဒီနားက အကုန်ကုန်နိုင်တယ်။ ဆိုင်တွေက ကပ်နေတာလေ” လို့ DVB ကို ပြောပါတယ်။
ဘီယာဆိုင် မီးလောင်ကျွမ်းမှုကြောင့် မီးကူးစက်ခံရတဲ့အထဲမှာ ရုပ်ရှင်ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဖုန်းဆိုင်လည်း ပါတယ်လို့ ဆိုင်တာဝန်ရှိသူတွေက မနေ့ကညပိုင်းကတည်းက အသိပေးထားပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်အရ မီးစတင်လောင်ကျွမ်းတဲ့အချိန်မှာ ဆိုင်ဝန်ထမ်းတချို့က မီးသတ်ဆေးဘူးနဲ့ ငြှိမ်းသတ်ဖို့ ကြိုးစားနေတာ တွေ့ရပေမဲ့ မကျွမ်းကျင်မှုကြောင့် မီးသတ်ဆေးဘူး ဖွင့်မရခဲ့တာ တွေ့ရပါတယ်။
အဲဒီမီးလောင်မှုကို Level 1 အဆင့်နဲ့ အချိန် မိနစ် ၂၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ပြီး ၈ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။











