
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ မြန်မာလူငယ်တယောက်က ၁၇ နှစ်ရွယ် ထိုင်းမိန်းကလေးတယောက်ကို အဓမ္မပြုကျင့်ပြီး လည်ပင်းကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က မယ်ဆိုင်မြို့နယ် ပုန်ဖာအုပ်စု ဘန့်ဆန်ဆိုင်းမွန်း နယ်မြေ ၆ ရှိ မြက်တောထဲမှာ မိန်းကလေးတယောက်အလောင်း တွေ့ရှိကြောင်း ဒေသခံတွေက အကြောင်းကြားတာကြောင့် မှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ ချင်းရိုင်းဆေးရုံမှ ဆရာဝန်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ မယ်ဆိုင်မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ လူသူမနီးတဲ့ ခြံပျက်ထဲမှာဖြစ်ပြီး မြက်ခင်းတွေကြားက အဝတ်ဗလာနဲ့ မိန်းကလေးအလောင်းကို တွေ့တယ်၊ ဘယ်ဘက်လည်ပင်းမှာ ဓားခုတ်ရာတွေနဲ့ လွန်ခဲ့တဲ့ ၁၀ နာရီလောက်က သေဆုံးခဲ့တာလို့ ခန့်မှန်းရတယ်။ အနီးမှာတော့ အနက်ရောင် အတွင်းခံအင်္ကျီ၊ အနက်ရောင်အိတ်တလုံးနဲ့ မီးခိုးရောင်အင်္ကျီကိုတော့ သစ်ကိုင်းမှာ ချိတ်ဆွဲထားတာ တွေ့ရတယ်၊ အဆိုပါ နေရာနဲ့ ၁၀ မီတာလောက်အကွာမှာတော့ အရှည် ၈ လက်မရှိ သွေးစွန်းနေသော ဓားတချောင်းကို တွေ့ရတယ်လို့ ဆိုပါတယ်။
အိတ်ထဲမှာ မိန်းကလေးတယောက်ရဲ့ ထိုင်းမှတ်ပုံတင် တွေ့တယ်၊ အစက အဆိုပါမှတ်ပုံတင်မှာ သေဆုံးသူ မိန်းကလေးလို့ တာဝန်ရှိသူတွေက ထင်မြင်ယူဆပေမဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ အဆိုပါအိတ်မှာ မိန်းကလေးသူငယ်ချင်းရဲ့ အိတ်ဖြစ်ပြီး သူ့ဆိုင်ကယ်ထဲ ထည့်ထားတ်။ ဆိုင်ကယ်ကို ငှားစီးသွားတာ၊ သေဆုံးသူကတော့ ချင်းရိုင်းမြို့ လိမ်းကုတ်ရပ်ကွက်မှာ နေထိုင်သူ အသက် ၁၇ နှစ်ရွယ်ရှိ နာ့သ်နိချား ခမ်းကျရွန်း ခေါ် နောင့်ကင့် ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ နောင့်ကင့်ရဲ့ သူငယ်ချင်းဖြစ်သူ နောင့်မိုင် ပြောပြချက်အရ သူမဟာ အသက် ၂၀ အရွယ်ရှိ ချူဝစ် ခေါ် တဲမ်း ဆိုသူ မြန်မာလူငယ်နဲ့ လူမှုကွန်ရက်မှာ ရည်းစားဖြစ်ပြီး မတ် ၂၇ ရက်နေ့ အပြင်မှာ ဆုံတွေ့ဖို့ ဓာတ်ဆီဆိုင်တဆိုင်မှာ ချိန်းတွေ့တယ်၊ သူမက နောင့်ကင့်ကို အဖော်အဖြစ် လိုက်ပေးဖို့ခေါ်ပြီး ဆိုင်ကယ်စီးပြီး လာတွေ့တယ်။
ဓာတ်ဆီဆိုင်ရောက်တော့ ချူဝစ်က တနေရာမှာ ဆေးခြောက်ရွက် သွားယူစရာရှိလို့ နောင့်မိုင်ရဲ့ ဆိုင်ကယ်ကို ငှားစီးတယ်၊ နောင့်ကင့်ကိုလည်း ခေါ်သွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက မိန်းကလေး သေဆုံးရတာနဲ့ ပတ်သက်ပြီး သံသယအရှိဆုံး ဖြစ်တဲ့ ချူဝစ်ကို ရှာဖွေကာ အဲဒီ မတ် ၂၈ ရက် ညပိုင်းမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။
ချူဝစ်က ပထမအစပိုင်းမှာ ငြင်းဆန်ခဲ့တယ်၊ မိန်းကလေးက သူနဲ့လိုက်သွားပြီး နောက်လူတယောက်နဲ့ လိုက်သွားတာလို့ လိမ်ညာခဲ့တယ်။ တာဝန်ရှိသူတွေ စစ်ကြောရေး လုပ်ရာမှာတော့ နောက်ဆုံးမှာ မိန်းကလေးကို အဓမ္မကျင့်ပြီး သတ်ဖြတ်မိကြောင်း ဝန်ခံလိုက်ပါတယ်။
တာဝန်ရှိသူတွေက သူ့ကို ကျူးလွန်ခဲ့တဲ့နေရာ ပြန်ခေါ်သွားပြီး သရုပ်ပြပုံပြန်လုပ်ခိုင်းတယ်။ ချူဝစ်က လယ်စောင့်တဲတနေရာမှာ ပစ္စည်းသွားယူပြီးအပြန် လူပြတ်တဲ့နေရာရောက်တော့ လိင်ဆန္ဒပေါ်ပြီး မိန်းကလေးကို သူနဲ့ အိပ်ဖို့ပြောတယ်။ မိန်းကလေးက ငြင်းဆန်ရာမှာ ဓားနဲ့ထောက်ပြီး ခြိမ်းခြောက်တယ်၊ သတ်ဖို့ မရည်ရွယ်ပေမဲ့ ဓားက လည်ပင်းကိုထိပြီး သွေးတွေ ထွက်လာတယ်။ သူလည်း လုပ်မိလုပ်ရာ နောက်ထပ်ဓားနဲ့ ထပ်ထိုးတယ်၊ မိန်းကလေးကိုလည်း အဓမ္မကျင့်ခဲ့တယ်လို့ ဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက ချူဝစ်ကို မုဒိမ်းမှု၊ တမင်ရည်ရွယ်လူသတ်မှု၊ လက်နက်မှုတွေနဲ့ မယ်ဆိုင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source : Thairath TV / tnews (Thai News)










