DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် သုံးရေတစည်ကို ငွေကျပ် ၆,၀၀၀ ပေးဝယ်နေရ
DVB
·
April 29, 2026
Photo: DVB
Photo: DVB
Donate to DVB

ရန်ကုန်မြို့ကို ရေအဓိကဖြန့်ဖြူးပေးနေတဲ့ ဂျိုးဖြူကန်က ရေအလုံအလောက်မရတဲ့အတွက် သုံးဖို့ရေကို ဈေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ရန်ကုန်က ရေကစားမဏ္ဍပ်တွေကို ဂျိုးဖြူက ရေဖြန့်ဖြူးပေးခဲ့ပြီး လူနေတိုက်ခန်းတွေကို ရေမပေးတဲ့အတွက်လည်း ၅ ရက်လောက် သုံးရေပြတ်သွားခဲ့ဖူးပါတယ်။ 

သင်္ကြန်ပြီးကတည်းက ဂျိုးဖြူကန်က ၂ ရက်ကို ရေတကြိမ်သာ ပေးတဲ့အတွက် သုံးရေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေလာတဲ့အခါ မီးမလာတဲ့အတွက် ရေမတင်လိုက်ရလို့ ကိုယ့်တိုက်ခန်းက  ရေမရလိုက်တာတွေလည်း ရှိသလို တိုက်ခန်းအားလုံးက တပြိုင်တည်း ရေတင်ကြတာကြောင့် သုံးရေအလုံအလောက် မရရှိကြဘူးလို့ ဆိုပါတယ်။

ဒါကြောင့် အဝီစိရေတွင်းရှိတဲ့ တိုက်တွေကလွဲလို့ ရန်ကုန်မြို့ခံအများစုက ရေဝယ်သုံးနေရပါတယ်။

ဒေါပုံမြို့နယ်မှာတော့ အဝီစိတွင်းရှိတဲ့သူတွေက ပြန်လည်ရောင်းချတဲ့ရေကို ရေစည်တစည် ငွေကျပ် ၆,၀၀၀ ပေးပြီးဝယ်သုံးနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒေါပုံမြို့နယ်မှာ‌ နေထိုင်သူ တယောက်က “ဂျိုးဖြူရေက မရဘူးလေ၊ ခုလည်း ၂ ရက်ခြား တခါလောက်ပဲ လာတာ။ ဒါတောင် ခဏပဲ၊ လာတဲ့အချိန်လေး ဝိုင်းရေတင်ကြတော့ အပြည့်အဝမရကြဘူး။ ရေဝယ်သုံးတော့လည်း တစည်ကို ၆,၀၀၀  တဲ့။ ရေပေးတဲ့အချိန်ကလည်း ည ၁၂ နာရီ၊ ၁ နာရီ အဲဒီအချိန်လောက်မှပေးတာ၊ အဲဒီအချိန်ထ တင်ကြတာ၊ လမ်းထဲဆူညံလို့။ မနက်ဆို အိပ်ရေးတွေ ပျက်ကြပေါ့။ အိမ်မှာ လူခွဲမရှိတဲ့သူတွေကတော့ ညနေ အလုပ်က ပြန်လာမှ ဝယ်ရတာပေါ့။ ရောင်းတဲ့သူက တွန်းလှည်းနဲ့လာပို့ပေးတယ်” လို့ ပြောပါတယ်။

အထပ်မြင့်တိုက်တွေမှာ နေထိုင်ကြသူတွေကတော့ ဝယ်ထားတဲ့ရေကို ကိုယ် နေထိုင်တဲ့ တိုက်ရဲ့ ရေကန်ထဲ ထည့်ပြီး မီးလာမှ ကိုယ့်အခန်းကို ရေတင်ကြရတယ်လို့ ဆိုပါတယ်။ 

ရန်ကုန်မြို့မှာ နေထိုင်သူတွေဟာ ဝင်ငွေမလုံလောက်တဲ့ကြားက  သုံးရေအတွက် ငွေပိုသုံးနေရလို့ စားဝတ်နေရေး ပိုကျပ်တည်းနေတယ်လို့ ပြောကြပါတယ်။

စက်သုံးဆီ ရှားပါးပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ သုံးရေ ဝယ်သုံးနေရရုံတင်မကဘဲ သောက်ရေပုံး တပုံးရဲ့ တန်ဖိုးဟာလည်း ငွေကျပ် ၁၅၀၀ ကနေ ၂၇၀၀ အထိ မြင့်တက်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013