
ဧရာဝတီတိုင်း၊ ဟင်္သာခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာကို စက်တင်ဘာ ၂၁ ရက် မနက် ၅ နာရီကျော်လောက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသူတယောက်က “ဗုံးကြဲခံရတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူတွေက စစ်ရှောင်တွေပါ။ ရခိုင်ရိုးမအစပ်က စစ်ရှောင်တွေ။ ၁ ယောက်က တခါတည်း ပွဲချင်းပြီး ဆုံးသွားတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်မြင့်အေး သေဆုံးပြီး အသက် ၅၀ ကျော်အရွယ် ဦးလှဌေး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “စစ်တပ်က လေးမျက်နှာဘက်က လက်လွှတ်ထားရတဲ့ ဒေသတွေကို ပြန်ယူဖို့ စစ်အင်အားဖြည့်ပြီး လေကြောင်းနဲ့ပါ ဗုံးကြဲနေတာ။ အရပ်သားတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အရင်ထက်ပို သတိထားရမယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ပန်းတောကြီးကျေးရွာနဲ့ တဆက်တည်းရှိတဲ့ ဒေါင့်ကြီးကျေးရွာကို ဂျက်ဖိုက်တာတွေနဲ့ မနက်အစောပိုင်းမှာ ဗုံးကြဲချခဲ့တာဖြစ်ပြီး အရပ်သားနေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းဗုံးကြဲခံခဲ့ရတဲ့ ဒေါင့်ကြီးကျေးရွာအပြင် စက်စက်ယို၊ ပန်းတောကြီး၊ ဒေါင့်ကြီး၊ မယ်ဇလီ၊ ယင်းဆယ် စတဲ့ကျေးရွာတွေမှာ ၂၀၂၅ ခုနှစ်ကတည်းက တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်ရှိမှာ တော်လှန်ရေးတပ်တွေက ယာယီထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်တွေဘက်က လေးမျက်နှာမြို့နယ်ထဲက ကျေးရွာအများအပြားကို စိုးမိုးထိန်းချုပ်ထားပေမဲ့ တပ်စခန်းချနေထိုင်တာ မရှိဘူးလို့လည်း ဆိုပါတယ်။











