
အီရန်ရဲ့ ပို့ကုန်နဲ့ သွင်းကုန်တွေ ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအကြား ကျဆင်းသွားခဲ့ပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေက နိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုရှိတာ သက်သေပြနေတယ်လို့ အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က သြဂုတ် ၂၈ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတခုမှာ ပြောပါတယ်။
အီရန်က ပို့ကုန်တွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့တဲ့ တိုတောင်းတဲ့ ကာလအတွင်း ရေနံစည်ပေါင်း သန်း ၉၀ နီးပါး တင်ပို့ခဲ့ပေမဲ့ အီရန်အစိုးရက ရောင်းချမှုတွေကို ဆက်မထိန်းထားနိုင်တော့ဘူးလို့ ပီဇက်ရှ်ကီယန်က ပြောပါတယ်။
သောကြာနေ့မှာ ကြေညာတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုအသစ်တွေကို "နိုင်ငံတော်အကြမ်းဖက်မှု" အဖြစ် အီရန်က ရှုတ်ချခဲ့ပါတယ်။
ငွေကြေးဆိုင်ရာ နာကျင်မှုပိုများလာလို့ ပြည်တွင်းမှာ မငြိမ်သက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ပေါ်ပေါက်နေပြီး လူမှုရေးစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တွေကို တားမြစ်နေတယ်လို့ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်က ပြောပါတယ်။
စစ်ပွဲဟာ ၆ လကြာရှိနေပြီး ညှိနှိုင်းမှုတွေက အကျပ်အတည်း အခြေအနေမှာ ရှိနေတာပါ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က "စီးပွားရေး D-Day" အဖြစ် သတ်မှတ်ထားတဲ့ လုပ်ရပ်နဲ့ အီရန်ကို ငွေကြေးအရ အပြစ်ပေးဖို့ ပိုတိုးမြှင့် ကြိုးပမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့လက နှစ်စဉ်ငွေကြေးဖောင်းပွမှု ၆၆ ရာခိုင်နှုန်း အထိရောက်ခဲ့တဲ့ အီရန်ရဲ့ စီးပွားရေးအပေါ် စစ်ပွဲရဲ့ ဆိုးကျိုးတွေကို ပိတ်ဆို့မှုတွေက အခြေအနေ ပိုဆိုးစေခဲ့တာပါ။
တချိန်တည်းမှာ စစ်ပွဲမတိုင်မီက ကမ္ဘာ့ရေနံ ထောက်ပံ့မှုရဲ့ ၅ ပုံ ၁ ပုံကို ကိုင်တွယ်ခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်တဲ့ လိပ်ခဲတည်းလည်း အခြေအနေက မဖြေရှင်းနိုင်သေးတဲ့ အကြီးမားဆုံး ပဋိပက္ခအခြေအနေအဖြစ် ရှိနေပါတယ်။
နိုင်ငံတွေအနေနဲ့ အီရန်နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို ဖြတ်တောက်ဖို့နဲ့ မဖြတ်ရင် ဒုတိယအဆင့် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန် အစိုးရက သတိပေးခဲ့ပေမဲ့ ဘဏ္ဍာရေးဌာနက အမှန်တကယ် ပြစ်ဒဏ်ချမှတ်တာတွေ မလုပ်သေးပါဘူး။











