အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရီပတ်ဘလစ်ကန်ပါတီက ပထမဆုံးအကြိမ် စတင်ပေးအပ်တဲ့ “အမေရိကပထမ” ဆုကို မတ် ၂၅ ရက်က ချီးမြှင့်ခဲ့ပါတယ်။
ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ ရန်ပုံငွေရှာဖွေရေး ညစာစားပွဲမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ထရမ့်ပ်ကို ချီးကျူးခဲ့ပြီး ရွှေရောင်လင်းယုန်ရုပ်တုကို ပေးအပ်ခဲ့တာပါ။
“ဒီဆုဟာ ရွှေခေတ်နဲ့လိုက်ဖက်တဲ့ လှပတဲ့ရွှေရုပ်တု ဖြစ်တယ်” လို့ ဂျွန်ဆင်က ပြောပါတယ်။
ဒါပေမဲ့ ဒီလို ဆုပေးအပ်ချိန်ဟာ အီရန်စစ်ပွဲကြောင့် ဓာတ်ဆီဈေးတွေ မြင့်တက်နေချိန်နဲ့ တိုက်ဆိုင်နေပြီး အမေရိကန်ပြည်သူ သန်းပေါင်းများစွာဟာလည်း နေထိုင်မှုစရိတ် ကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
အခုနှစ် နိုဝင်ဘာလ၊ သမ္မတသက်တမ်းလယ်မှာ ကျင်းပမဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်ခင် ရီပတ်ဘလစ်ကန်တွေအတွက် စိန်ခေါ်မှုတွေ ရှိနေပါတယ်။
ဖလော်ရီဒါမှာ ကျင်းပတဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် လစ်လပ်အမတ်နေရာ ၂ ခု ရွေးကောက်ရာမှာ ဒီမိုကရက်တွေက အမှတ်မထင် အနိုင်ခဲ့ပါတယ်။
ဒီနယ် ၂ ခုဟာ အရင်က ရီပတ်ဘလစ်ကန်တွေ စိုးမိုးထားတဲ့ မဲဆန္ဒနယ်တွေ ဖြစ်ပါတယ်။ အောက်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၈၇ ဟာ ထရမ့်ပ်ရဲ့ မာရာလာဂိုး စံအိမ်တော်ရှိတဲ့နေရာ ဖြစ်ပါတယ်။
ဒါပေမဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ ရီပတ်ဘလစ်ကန်တွေက အမတ်နေရာအများစု ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။
သမိုင်းအစဉ်အလာအားဖြင့်လည်း လက်ရှိသမ္မတတွေရဲ့ ပါတီဟာ သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ အမတ်နေရာတွေ ဆုံးရှုံးတဲ့ အစဉ်အလာ ရှိပါတယ်။
ထရမ့်ပ်ကတော့ အီရန်စစ်ပွဲကြောင့် နိုင်ငံရေးဂယက်ရိုက်မှုတချို့ ရှိနိုင်ပေမဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်လို့ ပြောထားပါတယ်။
ဓာတ်ဆီဈေးနှုန်း မြင့်တက်တာဟာလည်း ယာယီသာဖြစ်တယ်လို့ ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေက တုံ့ပြန်ထားပါတယ်။
Source: Reuters










