
၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း မြန်မာနိုင်ငံထဲ လူ့အခွင့်အရေးချိုးဖောက်မှု ၂၈၉ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ၂၀၅ ခု ကျူးလွန်ခဲ့တယ်လို့ လူအခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာ) က စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
လူအခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာ) ရဲ့ အဖွဲ့၀င်တွေ မှတ်တမ်းပြုစုချက်အရ ၆ လအတွင်းမှာ ဖြစ်စဉ်အမှု ၃၀၅ ခုနဲ့ ဖြစ်ရပ်ပေါင်း ၅၃၆ ခုကို မှတ်တမ်းတင်ခဲ့ပြီး အဲထဲမှာ လူအခွင့်အရေး ချိုးဖောက်မှုက ၂၈၉ ခုနဲ့ လက်နက်နဲ့ တိုက်ခိုက်မှုဖြစ်ရပ်က ၂၄၇ ခု ပါဝင်တယ်လို့ ဆိုပါတယ်။
လူအခွင့်အရေးချိုးဖောက်မှုတွေထဲမှာ စစ်အာဏာရှင်တပ်ဘက်က ၂၀၅ ခုနဲ့ အများဆုံး ကျူးလွန်ပြီး EROs အဖွဲ့များဘက်က အခု ၂၀ နဲ့ PDFs ဘက်က ၂ ခု ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
ပြည်နယ်နဲ့ တိုင်းမှတ်တမ်းထဲ တနင်္သာရီတိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံး ၅၇ ခု ပထမဆုံးဖြင့် မှတ်တမ်းတင်ခံရပြီး ကချင်က ၅၀ နဲ့ ဒုတိယ၊ ရှမ်းပြည်နယ်က ၄၈ ခု မှတ်တမ်း တင်ထားပါတယ်။
အစီရင်ခံစာအရ ၆ လတာကာလအတွင်း အရပ်သားတွေရဲ့ အသက်အိုးအိမ်ပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတာတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်ဘက်ကလည်း ရွေးကောက်ပွဲအတုကို ၃ ကြိမ်ခွဲ ကျင်းပပြီး တရား၀င်ဖြစ်ဖို့ ကြိုးစား နေပေမဲ့ လက်ရှိ မြေပြင်မှာ လူ့အခွင့်အရေးအခြေအနေက ပိုမိုဆိုးရွားလာခဲ့ကြောင်း ND-Burma က သုံးသပ်ထားပါတယ်။
လက်တွေ့ မြေပြင်အခြေအနေတွေနဲ့ ပဋိပက္ခဒဏ်ခံရသူတွေရဲ့ ထွက်ဆိုချက်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှု လိုအပ်နေကြောင်း မီးမောင်းထိုးပြထားပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ် ကြောင်း အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။
ဆယ်စုနှစ်တွေအတွင်း အစုအဖွဲ့အသီးသီးက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိစေဖို့ လိုအပ်ပြီး လူတိုင်းတန်းတူညီမျှမှုရှိတဲ့ အနာဂတ် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ဒီမိုကရေစီလိုလားသော အင်အားစုတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက ပူးပေါင်းဆောင်ရွက်ဖို့ ND-Burma က အစီရင်ခံစာထုတ်ပြန်ချက်မှာ တိုက်တွန်း ထားပါတယ်။
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်ဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်ဖို့၊ သုတေသနပြုဖို့နဲ့ တရားမျှတမှု ရရှိရေးအတွက် စည်းရုံးလှုံ့ဆော်ဖို့ ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းများ ကွန်ရက်တခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း လူအခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်း တင်ပြီး နိုင်ငံတကာကို ပြသနေတာပါ။










