
ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှာ Non- CDM စာရေးဝန်ထမ်းအမျိုးသမီးတယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ် ဆိပ်ကမ်းရုံးမှာအလုပ်လုပ်နေတဲ့ အကြီးတန်းစာရေးဝန်ထမ်း ဒေါ်နွဲ့နွဲ့စိုးကို ဇူလိုင် ၃၀ ရက်လောက်က စစ်သားတွေနဲ့ ရဲတွေက နေအိမ်ကနေ ဖမ်းဆီးသွားတာလို့ စစ်တွေဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။
“ဇူလိုင်လ ဒုတိယပတ်လောက်ကလည်း မီးသတ်တယောက်ကို ဖမ်းသွားသေးတယ်။ အခုလည်း ဝန်ထမ်းတွေကို ထပ်ဖမ်းပြန်ပြီ။ ဖမ်းရတဲ့အကြောင်းရင်းကတော့ မသိ၊ စစ်ဆေးစရာရှိလို့ ဖမ်းသွားတာပဲ သိတယ်” လို့ ပြောပါတယ်။
စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်တွေမှာ ဒေသခံတွေကိုသာမကဘဲ စစ်အာဏာရှင်လက်အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေကိုပါ ဖမ်းဆီးလာတဲ့အတွက် စစ်တွေမြို့ဟာ အရင်ကထက် လုံခြုံရေးအရ စိုးရိမ်စရာမြို့တမြို့ဖြစ်နေပြီဟု မြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။
“စစ်တွေမှာ စစ်သာမဖြစ်သာ မနက်မိုးလင်းရင် ဟိုအိမ်ကလူကို ဖမ်းသွားတယ်။ ဒီအိမ်ကလူကို ဖမ်းသွားတယ်နဲ့ ကြားနေရတယ်။ ဝန်ထမ်းတွေကိုပါ ဖမ်းလာပြီဆိုတော့ ကိုယ့်လူအချင်းချင်း မယုံလို့နေမှာပေါ့။ နေသာနေရတာ၊ စိတ်လုံခြုံမှုမရှိဘူး။ သူခိုးတွေကလည်းပေါ သေးတယ်” လို့ ပြောပါတယ်။
စစ်တွေမှာ နေအိမ်၊ ဘုန်းကြီးကျောင်းတွေကို ဧည့်စာရင်းနေ့စဉ်လိုလို စစ်ဆေးပြီး ဒေသခံတွေကို ဖမ်းဆီးတဲ့အပြင် လမ်းသွားလမ်လာတွေကိုလည်း ဖုန်းတွေစစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကလည်း မီးသတ်ဝန်ထမ်းတယောက် အပါအဝင် လူငယ် ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ရပ်နေပေမဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတာကို ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။










