
ပြန်ပေးဆွဲခံရသူ ၃၀၈ ယောက်ကို နိုင်ဂျီးရီးယားတပ်ဖွဲ့တွေက ကယ်တင်ခဲ့တယ်လို့ သမ္မတရုံးက ဩဂုတ် ၅ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပြီး ဒါဟာ ပူးပေါင်းလုံခြုံရေးအဖွဲ့က တရက်တည်းအတွင်း ပြုလုပ်ခဲ့တဲ့ အကြီးမားဆုံး ကယ်ဆယ်ရေးစနစ် ဖြစ်တယ်လို့ ဆိုပါတယ်။
ကယ်တင်နိုင်ခဲ့သူတွေထဲက ၁၆၃ ယောက်ဟာ ကွာရာပြည်နယ်၊ ကိုင်ယာမာခရိုင်တွင်းရှိ ဝိုရို ကျေးရွာကနေ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်ပြီး ကျန် ၁၄၅ ယောက်ကတော့ အိမ်နီးချင်း နိုင်ဂျာပြည်နယ်ကနေ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ကွာရာပြည်နယ်က ဖမ်းဆီးခံ ရွာသားတွေဟာ ဖေဖော်ဝါရီလတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပြီး အဲဒီအချိန်တုန်းက သူတို့ရွာကို သေနတ်သမားတွေ လာတိုက်ခိုက်လို့ သေဆုံးသူ ၁၇၀ ထက်မနည်း ရှိခဲ့ပြီးတော့ အခုနှစ်အတွင်း လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုတွေထဲမှာ အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူ အားလုံးဟာ နိုင်ဂျာပြည်နယ်ရှိ ကိုင်းဂျီကန် အမျိုးသားဥယျာဉ် သစ်တောအတွင်းကနေ လွတ်မြောက်လာခဲ့တာဖြစ်ပြီး ဒီကယ်ဆယ်ရေးကို စစ်တပ်၊ ထောက်လှမ်းရေးအေဂျင်စီနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: Reuters










