
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကြားမှာ မူးမြစ်ရေလျှံမှုကြောင့် ကျေးရွာ ၂၀ လောက် ရေဘေးဒုက္ခ ရင်ဆိုင်နေရပြီး ရေကြီးစဉ်အတွင်း သေဆုံးသူ ၅ ယောက်အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ ရေဘေးလွတ်ရာကို ပြောင်းရွှေ့စဉ်အတွင်း လှေမှောက်မှု၊ ရေနစ်မှုနဲ့ မြွေကိုက်ခံရမှုတွေကြောင့် ဩဂုတ် ၇ ရက်နဲ့ ၈ ရက်နေ့တွေက ကလေးငယ်တယောက် အပါအဝင် လူ ၄ ယောက် သေဆုံးခဲ့ရတာပါ။
ဒါ့အပြင် ဩဂုတ် ၁၂ ရက်မှာလည်း ရေပြန်ကျလို့ တခြားတောကို ပြောင်းရွှေ့စဉ် ထူးကြီးကျေးရွာက အသက် ၅၀ အရွယ် အမျိုးသားတယောက်ဟာ လယ်ထွန်စက်ပေါ်ကနေ ချော်ကျပြီး နောက်ဘီးနင်းမိကာ ထပ်မံ သေဆုံးခဲ့ရပါတယ်။
လက်ရှိမှာ ရေအနည်းငယ် ပြန်ကျသွားပေမဲ့ ကျေးရွာတွေအတွင်း နေအိမ်တွေ မျောပါ ပျက်စီးသွားတာကြောင့် ရေဘေးသင့် ပြည်သူတွေဟာ ဆက်လက် စစ်ရှောင်နေကြရဆဲ ဖြစ်တယ်လို့ ရေဘေးရှောင် ဒေသခံတယောက်က ပြောပါတယ်။
ဒါ့အပြင် လယ်ယာစိုက်ခင်းတွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ ရေနစ်မြုပ် ပျက်စီးသွားတဲ့အတွက် သီးနှံတွေ ပြန်လည်စိုက်ပျိုးဖို့ ခက်ခဲနေပြီး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
လက်ရှိ ရေကြီးမှုကြောင့် လမ်းပိုင်းတချို့လည်း ပျက်စီးသွားခဲ့ပြီး ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-ဒီပဲယင်း လမ်းပိုင်းမှာ ခရီးသွားယာဉ်နဲ့ ကုန်ကား ရာပေါင်းများစွာ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့တာကြောင့် သဖန်းဆိပ်ဆည် ရေပိုလွှဲကနေ ရေအမြောက်အမြား လွှတ်ထုတ်ခဲ့ရတဲ့အတွက် ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်ကြားရှိ မူးမြစ်ရေ လျှံတက်လာပြီး ရွှေဘိုမြို့နယ် အနောက်မြောက်ခြမ်းက ကျေးရွာတွေအတွင်းကို ရေတွေ ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။











