
ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တည်ရှိရာ ဗစ်တိုးရီးယားပြည်နယ်ရွေးကောက်ပွဲအတွက် လေဘာပါတီရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်နေတယ်လို့ မြန်မာလွှတ်တော်အမတ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၂၈ ရက်ကျင်းပမဲ့ ဗစ်တိုးရီးယားပြည်နယ် အထွေထွေရွေးကောက်ပွဲမှာ လေဘာပါတီနဲ့ အင်အားကြီးပြိုင်ဘက် လစ်ဘရယ်နေရှင်နယ်ညွန့်ပေါင်းပါတီတို့ အဓိက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
လေဘာပါတီဟာ အလယ်အလတ် လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီဖြစ်ပြီး အခြေခံပြည်သူတွေရဲ့လူနေမှုဘဝကို ပိုပြီးထင်ဟပ်တဲ့အသွင်ရှိတဲ့ပါတီ ဖြစ်ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းက "အစဉ်အလာအရဆို ဒီမှာ ပါတီကြီး ၂ ခုပဲရှိတာကိုး။ တကယ့်တကယ်က ပါတီပေါင်း ၃၀ ကျော်တယ်။ ဒါပေမဲ့ ပါတီကြီး အဓိကယှဉ်ပြိုင်ဘက် လေဘာပါတီက အမြဲတမ်းလိုလို အနိုင်ရနေတဲ့ အနေအထားလေ။ အခု မဲလ်ဘုန်းရဲ့ လေဘာပါတီကိုယ်စားလှယ်ကလည်း ကမ္ဘောဒီးယားနွယ်ဖွားပေါ့။ လောလောဆယ် ကျနော်တို့ နွေဦးတော်လှန်ရေးမှ ရောက်လာတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သူက ဖိတ်ကြားတယ်၊ သူ့ရဲ့အခမ်းအနားတွေမှာ။ ကျနော်တို့ပြီးခဲ့တဲ့အပတ်က သွားတက်တဲ့အခါကျတော့ သူက အကူအညီတောင်းတယ်။ ကျနော်တို့ပတ်ဝန်းကျင်က မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို သူတို့လေဘာပါတီကို မဲထည့်ဖို့ရာ အတွက် စည်းရုံးပေးပါလို့ အကူအညီတောင်းတာမို့ ကျနော်တို့ စနေ၊ တနင်္ဂနွေတိုင်းမှာ ကူညီပေးနေပါတယ်”လို့ ပြောပါတယ်။
လာမဲ့ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်အသစ်နဲ့ နောက်ထပ် ပြည်နယ်အစိုးရကို ဖွဲ့စည်းဖို့ မဲပေးရွေးချယ်ရမှာဖြစ်ပြီး ဩစတြေးလျရောက်မြန်မာနွယ်ဖွားတွေရဲ့သဘောဆန္ဒနဲ့ နွေဦးတော်လှန်ရေးအပေါ် ကောင်းမွန်တဲ့အလားအလာသက်ရောက်နိုင်ခြေ ပိုရှိတဲ့ လေဘာပါတီကို NLD ပါတီဝင်တွေနဲ့ အမတ်တွေက ဝန်းရံနေကြတာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဩစတြေးလျရောက် မြန်မာနွယ်ဖွားတွေ ကြိုတင်မဲစပေးနိုင်မှာဖြစ်ပြီး ၂၈ ရက်နေ့ကတော့ အဓိကရွေးကောက်ပွဲရက် ဖြစ်ပါတယ်။











