
ရန်ကုန်မြို့၊ အရှေ့ဒဂုံစက်မူဇုန်က စက်ရုံ ၃ ရုံမှာ လုပ်ခတိုးပေးဖို့ တပြိုင်တည်းတောင်းဆိုနေကြပြီး ဖိအားပေးခြိမ်းခြောက်ခံရတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
Myanmar Silver Spring စက်ရုံ အလုပ်သမားတွေက သြဂုတ် ၁၃ ရက်၊ Global ACE Uniform စက်ရုံမှာသြဂုတ် ၈ ရက်၊ Yangon Oscar Fashion စက်ရုံမှာ သြဂုတ် ၁၀ ရက်ကတည်းက လုပ်ခတိုးပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အရှေ့ဒဂုံစက်မူမှာ ဖွင့်လှစ်ထားတဲ့ Yangon Oscar Fashion အထည်ချုပ်စက်ရုံ၊ Global Ace Uniform စက်ရုံ၊ Myanmar Sliver Spring အထည်ချုပ်စက်ရုံတို့မှာ လုပ်ခတိုးတောင်းနေတာဖြစ်ပြီး ပြေလည်မူမရသေးဘဲ နစ်ဖက်တင်းမာမူတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီစက်ရုံတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ပြည်တွင်းအလုပ်သမားအရေး လူပ်ရှားသူတယောက်က "တောင်းဆိုမူတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတာ။ အလုပ်ရှင်တွေဘက်ကလည်း တင်းခံပြီးအလျှော့မပေးဘူး” လို့ ပြောပါတယ်။
အလုပ်သမား ၁,၈၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ Yangon Oscar Fashion အထည်ချုပ်စက်ရုံမှာ ဒေးကြေး ၁၅,၀၀၀ နဲ့ အချိန်ပိုကြေးတွက်ပေးဖို့၊ ရက်မှန်ကြေးတိုးပေးဖို့နဲ့ တခြားလုပ်ငန်းခွင် လိုအပ်ချက်တွေ တောင်းဆိုကြတာလို့ အလုပ်သမားတွေက အသိပေးပြောဆိုထားကြပါတယ်။
အလုပ်သမားတွေက စက်ရုံဝင်းအတွင်းက မြေကွက်လပ်မှာ အုံလိုက်ကျင်းလိုက်စုဝေးပြီး ကြွေးကြော်သံတွေနဲ့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
Global ACE Uniform စက်ရုံမှာလည်း အလုပ်သမား ၅၀၀ လောက်က အလုပ်ရပ်နားပြီး လုပ်ခတိုးမြှင့်ပေးဖို့အပါအဝင် အချက် ၆ ချက်ကို တောင်းဆိုနေသလို Myanmar Sliver Spring အလုပ်သမားတွေက လက်ရှိဒေးကြေး ၇,၈၀၀ ကျပ်အစား ၁၃,၀၀၀ ကျပ် တိုးပေးဖို့ တောင်းဆိုနေကြတာလို့ အလုပ်သမားအရေးကူညီနေသူတွေဆီက သိရပါတယ်။











