DVB Logo
Home
စီးပွားရေး
စက်မှုဇုန်များ ညပိုင်းပြောင်းလုပ်ပါက အလုပ်သမားများအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ
ဝေဝေ
·
August 18, 2026
Photo : DVB
Photo : DVB
Donate to DVB

ရန်ကုန်စက်မှုဇုန်လုပ်ငန်းတွေမှာ လျှပ်စစ်သုံးစွဲချိန်အလိုက် ဓာတ်အားခကောက်ခံတဲ့ Time of Use (TOU)စနစ်ကို အသုံးပြုမှာဖြစ်ပြီး စက်ရုံတွေမှာ ညပိုင်းအလုပ်ချိန်ပြောင်းရတာကြောင့် အလုပ်သမားတွေအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။ 

လျှပ်စစ်ဓာတ်အား သုံးစွဲမှုများတဲ့ ရန်ကုန်စက်မှုဇုန်လုပ်ငန်းတွေမှာ အချိန်နဲ့ အသုံးပြုတဲ့ Time of Use (TOU) စနစ်ကို စတင်အသုံးပြုမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်မှာ ကြေညာပါတယ်။ 

ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ဓာတ်အားသုံးစွဲရင် တယူနစ် ကျပ် ၉၀၀ ကနေ ၆၀၀ အထိ လျှော့ချပေးမဲ့စနစ်ကို မီတာတွေမှာတပ်ဆင်ပြီး အဆင်သင့်ဖြစ်ရင် စက်တင်ဘာ ၁ ရက်မှာ စတင်အကောင်အထည်ဖော်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကနေ သိရပါ တယ်။

လက်ရှိမှာ စိတ်ဝင်စားပြီး စုံစမ်းလျှောက်ထားကြတဲ့ လုပ်ငန်းတွေများနေပေမဲ့ စက်မှုဇုန်အားလုံးကို တပြိုင်တည်း အသုံးပြုခွင့်ပေးမှာမဟုတ်ဘဲ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမညီကို ရွေးချယ်ကာ ကနဦး လုပ်ငန်း အနည်းငယ်အတွက်သာ တပ်ဆင်ပေးသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“မီတာမှာ TOU system လည်းပါမယ်။ အဲဒီ TOU system ကလည်း ကျနော်တို့ရုံးချုပ်ကနေ စစ်ဆေးပြီးတော့ function ဖြစ်မဖြစ်၊ တကယ် operate လုပ်လို့ရမရ၊ သေချာတယ်ဆို ကျနော်တို့ ချိန်ညှိမယ်၊ အိုကေပြီဆိုရင် လာမဲ့ ၁ ရက်နေ့က စမယ်။ အဲဒီစနစ်မှာ ပါပြီးတော့ တကယ်ကို Day မှာ လုပ်မဲ့အလုပ်တွေကို night ကို ရွှေ့ပြီးတော့ လုပ်နိုင်တဲ့ စက်ရုံလည်း ဖြစ်ရမယ်၊ ၉၀၀ ကနေ ၆၀၀ ကျသွားတာမဟုတ်ဘူး။ ကျနော်တို့ သတ်မှတ်တဲ့ ည ၁၁ မနက် ၅ နာရီအတွင်းပဲ ၆၀၀ ကျပ်နဲ့ရမယ်၊ ကျန်တဲ့အချိန်တွေကတော့ အရင် ၉၀၀ နဲ့ပဲ သွားနေမှာပေါ့၊ နှစ်လိုင်းတော့ ဖြစ်သွားမှာပေါ့။”

မိုးရာသီမှာ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှုက ညဘက်တွေမှာ ပိုလျှံနေတာကြောင့် နေ့ပိုင်းမှာ စက်မှုလုပ်ငန်းတွေသုံးစွဲတဲ့ ဓာတ်အားကို ညပိုင်းပြောင်းပြီး နေ့ဘက်မှာတော့ ပြည်သူတွေအတွက် လျှပ်စစ်ပိုဖြန့်ဖြူးနိုင်ဖို့ အခုလို TOU စနစ်ကို အကောင်အထည်ဖော်ရတာလို့ ဆိုပါတယ်။

တဖက်မှာတော့ စက်မှုဇုန်တွေမှာ အခုလို ညဘက်အလုပ်လုပ်ချိန်တိုးလာရင် လုပ်ခလစာကို ပုံမှန်ကြေးနဲ့ပဲ ပေးချေမလားဆိုတာနဲ့ အလုပ်သမားတွေရဲ့ တခြားသော အခြေခံရပိုင်ခွင့်တွေအတွက်လည်း မေးခွန်းတွေ ရှိနေပါတယ်။

ဒါ့အပြင် ညဆိုင်းအလုပ်သမားတွေရဲ့ လုံခြုံရေးနဲ့  ကျန်းမာရေးအတွက် စီမံပေးနိုင်မှ ညဘက် လုပ်ငန်း လည်ပတ်နိုင်မှာဖြစ်ကြောင်း အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတယောက်က မှတ်ချက်ပြုပါတယ်။

“ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေက ၃ ဆိုင်းလုပ်နေတဲ့ စက်ရုံတွေက ရှိတယ်၊ အခုချိန်ထိလည်း ရှိတယ်။ အထည်ချုပ်စက်ရုံမျိုးဆိုရင်တော့ ဒီကိစ္စက နည်းနည်း စိန်ခေါ်မှုများတယ်လို့ပဲ ပြောရမယ်။ စက်ရုံရဲ့ စီမံခန့်ခွဲမှု  ကောင်းတယ်ဆိုရင်တော့ ဖြစ်သွားနိုင်တယ်။ လက်ရှိ နေ့လယ်ဆင်းနေတဲ့ ကိစ္စတွေမှာတောင် စက်ရုံဘက်က EC စာချုပ်ပါ ဖယ်ရီ၊ သောက်ရေ၊ အိမ်သာ ကိစ္စတွေမှာ အဆင်ပြေပြေ လုပ်ပေးနိုင်တာမရှိသေးဘူး။ အိပ်ချိန်မှာ လုပ်ရင် ၇,၈၀၀ နဲ့ပဲ ပေးချေရင် မျှတပါ့မလား၊ သီးသန့် အဆိုင်း တဆိုင်း လုပ်မယ်ဆိုရင်တော့ အဆင်ပြေမလား၊ တွေးရမှာတွေက အများကြီးပေါ့။ ဖယ်ရီတို့၊ စားသောက်ရေး ကိစ္စတွေကိုရော အဆင်ပြေပြေလုပ်ပေးနိုင်မှာလား၊ စက်ရုံဘက်က ဒါမျိုးလည်းတွေးမိတယ်။ ဒါတွေခွင့်မပေးဘူးဆိုရင်တော့ ခုအစီအစဉ်က ဘယ်လိုမှ မအောင်မြင်ဘူး။”

လုပ်ငန်းအချိန်ပြောင်းရင် ညအလုပ်သမားခ၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြားလုပ်ငန်း လည်ပတ် စရိတ်တွေ တိုးလာနိုင်သလို အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ အလုပ်လုပ်နိုင်စွမ်းနဲ့ လုပ်ငန်းခွင် လုံခြုံရေးအပေါ်လည်း သက်ရောက်လာမှာကိုလည်း စက်မှုလုပ်ငန်းတွေဘက်ကလည်းက စိတ်ပူပန်နေကြပါတယ်။

Photo: DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013