
၇၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဇူလိုင် ၁၉ ရက်က ကျင်းပခဲ့တာမှာ မြန်မာနိုင်ငံသားတွေနဲ့ ဩစတြေးလျအစိုးရအဖွဲ့ တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို နယူးဆောက်ဝေးလ်ပြည်နယ်လွှတ်တော်အမတ် စတီဖင်ဘာလီ၊ Inner အင်းနားဝက်စ်ကောင်စီလက်ထောက်မြို့တော်ဝန် ကာရိုးလ်အစ္စရေးနဲ့ ကောင်စီဝင် အစ္စမတ်တက်စ်တန်တို့ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အကြောင်းတွေ၊ လတ်တလော ဗိုလ်ချုပ်ရုပ်တုတွေကို စစ်အုပ်စုက လိုက်လံဖျက်ဆီးနေမှုတွေ၊ အရင် စစ်အာဏာရှင်ခေတ်တွေတုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမည်ကို လူတွေမေ့သွားအောင် လုပ်ခဲ့တဲ့ သမိုင်းတွေကိုလည်း ပြောကြားခဲ့ကြပြီး လက်ရှိ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ဆက်လက်ရပ်တည်ထောက်ခံကြောင်း အားပေးစကားတွေ ပြောကြားခဲ့ပါတယ်။
လူကိုယ်တိုင် မတက်ရောက်နိုင်တဲ့ နယူးဆောက်ဝေးလ်ပြည်နယ်ဝန်ကြီး ဂျာနယ်လီဆာဖင်က သဝဏ်လွှာတဆောင်ပေးပို့ခဲ့ပြီး ဩစတြေးလျ ဂရင်းပါတီအထက်လွှတ်တော်အမတ် ဒေးဗစ် ရှူးဘရစ်ချ်နဲ့ Union Aid Abroad–APHEDA ရဲ့အမှုဆောင်အရာရှိ ကလဲယား မစ်ဒဲလ်မတ်စ် တို့ကလည်း ဗီဒီယိုသဝဏ်လွှာ တွေပေးပို့ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ဩစတြေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေ၊ Australian Myanmar Institute (AMI) ဘုတ်အဖွဲ့ဒါရိုက်တာ ဒေါက်တာ ရေမွန်တင့်ဝေ အပါအဝင် မြန်မာတိုင်းရင်းသားအသိုက်အဝန်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ လူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးအတွက် ပန်းခွေချတာ၊ ဂုဏ်ပြု အလေးပြုတာနဲ့ တမိနစ် ငြိမ်သက်အောက်မေ့တာ၊ တက်ရောက်လာသူတွေက အာဇာနည် ၉ ဦးရဲ့ ဓာတ်ပုံတွေရှေ့မှာ ဖယောင်းတိုင်မီးတွေ ထွန်းညှိဂါရဝပြုတာ၊ ကဗျာရွတ်တာနဲ့ ဂုဏ်ပြုတေးသီချင်း သီဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အခမ်းအနားကို CRPH/NUG Support Group (NSW) အဖွဲ့က ဦးဆောင်ကာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ Doonside Community Center မှာ ဇူလိုင် ၁၉ ရက် မနက် ၁၁ နာရီ ကနေ နေ့လယ် ၂ နာရီအထိ ပြုလုပ်ခဲ့ပြီး လူ ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။











