
၇၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနဲ့ ဆုတောင်းပွဲကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ မြို့တော်ဝါရှင်တန်ဒီစီအနီး၊ မင်္ဂလာရာမ ဘုန်းတော်ကြီးကျောင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့တာပါ။
နှစ်စဉ်ကျင်းပတဲ့ အခမ်းအနားမှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးနဲ့ ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ အသက်ပေးခဲ့ရသူတွေအတွက် ဆုတောင်းအမျှဝေခဲ့ကြပါတယ်။
မြန်မာ့အရေးဆောင်ရွက်သူ ကိုရင်ထွေးက “အာဇာနည်နေ့ကို ကျနော်တို့ ဒီကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ဆုတောင်းပွဲလေး ပြုလုပ်ပါတယ်၊ စစ်အာဏာရှင်က ဗိုလ်ချုပ်ကြေးရုပ်တွေ ဖျက်ဆီးပေမဲ့လည်း ဗိုလ်ချုပ်သမိုင်းကို သူတို့ဖျက်ဆီးလို့ မရပါဘူး၊ အရာဝတ္ထုတွေကိုပဲ ဖျက်ဆီးလို့ရပါတယ်၊ သမိုင်းကို ဖျက်လို့မရပါဘူး၊ ဒါကြောင့်မို့ ဒီအမှတ်တရကို ကျနော်တို့ အခုချိန်အထိ လုပ်နေတာ၊ ကျနော်တို့ပြည်သူတွေ ရင်ထဲမှာကတော့ ဗိုလ်ချုပ်က ကျနော်တို့ရဲ့ အာဇာနည်ပါ”လို့ ပြောပါတယ်။
အလားတူ မြန်မာ့အရေးဆောင်ရွက်သူ ကိုရင်အေးကလည်း “ခေါင်းဆောင်တွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းဟာဆိုရင် ဗမာပြည်ရဲ့ တပ်မတော်ထူထောင်ခဲ့တဲ့ ဖခင်၊ တပ်မတော်ဖခင်လည်း ဖြစ်တယ်၊ တိုင်းပြည်အတွက်လည်း ကျေးဇူးရှိတယ်၊ ဒါ့အပြင်ကို တပ်မတော်အတွက်ပါ ကျေးဇူးရှိတဲ့ ကျေးဇူးရှင်တယောက်ကို မင်းအောင်လှိုင်က ရုပ်တုတွေကအစ ပြန်ဖြုတ်ချတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးအာဃာတတွေက တော်တော်ကြီးကို တရားလွန်တယ်။ တကယ့်ကျေးဇူးရှင်ကို ကျေးစွပ်နေတဲ့ အာဃာတတွေဟာ ပြည်သူတရပ်လုံးရဲ့ ကျိန်စာတွေ စူးလိမ့်မယ်ဆိုတာ ကျနော်တို့ သေသေချာချာ ပြောရဲတယ်၊ မကြာခင်မှာ သူက ဒီကျိန်စာဒဏ်တွေသင့်ပြီးတော့ အဆိုးဆုံး အခြေအနေကို သူ ရင်ဆိုင်ရတော့မယ် ဆိုတာ ကျနော် ပြောရဲတယ်”လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်က မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ရုပ်တုတွေကို တဖက်မှာ ဖျက်ဆီးနေပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီး အကျဉ်းချထားကာ လက်ရှိအချိန်အထိ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်၊ သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာကို သက်သေမပြဘဲ သတင်းထိမ်ချန်ထားပါတယ်။
Save Myanmar - USAမှ ဦးထင်လင်းအောင်က “ဒီအချိန်မှာ ကျတော်တို့အာဇာနည် ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း အခုအချိန်မှာ နေအိမ်အကျယ်ချုပ်လို့ ပြောပေမဲ့ အသက်ရှင်သလား၊ မရှိတော့ဘူးလား ဆိုတာ ကျနော်တို့အနေနဲ့ ဘယ်လိုမှ သိနိုင်တဲ့အနေအထား မရှိဘူး၊ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ မည်ကာမတ္တအရပ်သားအစိုးရ ဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ အခု နိုင်ငံတကာမှာ လိုက်ပြီးတော့ သူတို့ လော်ဘီတွေ လုပ်တယ်။ ပြည်သူလူထုက အာဇာနည်နေ့ ဆိုတာကို မမေ့သလို ကျနော်တို့ နိုင်ငံခြားမှာရောက်နေတဲ့သူတွေလည်း မမေ့ကြဘူး၊ ကျနော်တို့ ထပ်ပြီးတော့ မေ့လို့မရမဲ့ ခေါင်းဆောင်ကတော့ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေ့ထားလို့မရဘူးဆိုတာ ပြောပြချင်ပါတယ်”လို့ ပြောပါတယ်။
မြန်မာ့အရေးဆောင်ရွက်သူ ဒေါ်နီနီဝေက “ပြည်တွင်းမှာလုပ်နေတဲ့ စကစမင်းအောင်လှိုင်ကို ပြောချင်ပါတယ်၊ ကျမတို့ရဲ့ အာဇာနည်မျိုး သေရိုးမရှိ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တကယ့်ကို သမိုင်းဝင်တဲ့ ကြေးရုပ်တွေ ရုပ်တုတွေကို ဖျက်ဆီးနေတယ်ဆိုတာက ကျမတို့ရဲ့သမိုင်းကို ခြေနဲ့နင်းခြေသလို ဖျက်ဆီးနေသလို ခံစားရပါတယ်၊ သမိုင်းတလျှောက်မှာ အသက်တွေ သွေးတွေ ချွေးတွေ ပေးသွားတဲ့ ကျောင်းသူတွေ ရဟန်းရှင်လူပြည်သူတွေ ကလေးသူငယ်တွေကိုလည်း အမြဲအမှတ်ရနေမှာပါလို့၊ မှတ်တိုင်အဖြစ် စိုက်ထူထားပါတယ်”လို့ ပြောပါတယ်။
၁၉၄၇ ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့၊ ဝန်ကြီးများရုံးမှာ မသမာသူတွေရဲ့ လုပ်ကြံ သတ်ဖြတ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘချို၊ မန်းဘခိုင်၊ ဦးဘဝင်း၊ သခင်မြ၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်နဲ့ ရဲဘော် ကိုထွေးတို့ ကျဆုံးခဲ့ရတာပါ။
နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့အဖြစ် ဝန်ကြီးချုပ်ဦးနု အစိုးရလက်ထက် ၁၉၄၈ ခုနှစ်မှာ သတ်မှတ်ပြီး နှစ်စဉ်အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။











