၇၉ နှစ်မြောက် အာဇာနည်နေ့မှာ အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်က မအီ၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သက်ဆိုင်ရာ မြို့နယ် ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မအီမြို့ကို ဇူလိုင် ၁၉ ရက်နေ့ မွန်းတည့် ၁၁ နာရီမှာ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၅ ယောက် သေဆုံး၊ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ညနေ ၄ နာရီခွဲမှာ သံတွဲမြို့ကိုလည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိသလို ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ကျေးရွာ အနီးကိုလည်း ညနေ ၇ နာရီဝန်ကျင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိတယ်လို့ သက်ဆိုင်ရာ မြို့နယ် ဒေသခံတွေက ပြောကြပါတယ်။
သံတွဲမြို့ ရဲစခန်းဟောင်း၊ တရားရုံးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ရုံးဟောင်း ပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ဇူလိုင် ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲမှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက် ရှိတယ်လို့ သံတွဲမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“သံတွဲ ရဲစခန်း၊ တရားရုံးနဲ့ တစည ရုံးအနီးတွေကို ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာရှိတယ်။ အထိအခိုက်တော့ ရှိနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး။ အပျက်အစီးတွေလည်း များတယ်။ မြို့ခံတွေလည်း စိုးရိမ်စိတ်တွေကြောင့် အပြင်တောင် မထွက်ရဲကြသေးဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေရာတွေကို ဒေသအာဏာပိုင်တွေက ရှင်းလင်းနေကြပြီး အဲဒီနေရာတွေကို ဝင်/ထွက်ခွင့် ပိတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ကျေးရွာကို ညနေ ၇ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက် ဒဏ်ရာရရှိမှု ရှိတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ပုဏ္ဏားကျွန်းနဲ့ တောင်ပေါက်ကြားကို စစ်တပ်က ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အရပ်သား ထိခိုက်မှု ရှိတယ်လို့ သိရတယ်။ အတိအကျတော့ ပြောလို့ မရသေးဘူး။”
ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၁ နာရီကျော်ကလည်း တောင်ကုတ်မြို့နယ် မအီမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ယောက် သေဆုံးခဲ့ပြီး၊ ရဟန်းတွေနဲ့ ကလေးတွေ အပါဝင် ၁၅ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းအပါဝင် အာဇာနည် ၉ ဦး လုပ်ကြံသတ်ဖြတ်ခံရတဲ့နေ့ဖြစ်ပြီး ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲသတ်ဖြတ်မှုနဲ့ ဂုဏ်ပြုလိုက်တာလို့ ရခိုင်စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။
“ဒီနေ့က မြန်မာနိုင်ငံမှာ အာဇာနည်နေ့ဗျာ။ တနိုင်ငံလုံး အသိမှတ်ပြုတဲ့နေ့မှာ စစ်တပ်က ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာဟာ အာဇာနည်ကြီးတွေကို ဗုံးသီးတွေနဲ့ ဂုဏ်ပြုလိုက်တာဖြစ်တယ်။ ဒီလို လူစိတ်မရှိတဲ့ စစ်ခေါင်းဆောင်တွေရှိနေသရွေ့ ပြည်သူတွေဟာ နေ့၊ ရက်မရွေး သတ်ဖြတ်ခံနေကြရဦးမှာဖြစ်တယ်။”
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်နဲ့ ရင်ဆိုင်နေကြရတဲ့ စစ်မျက်နှာတွေမှာ အရှုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေကြရတာကြောင့် ရှမ်းမြောက်ပိုင်းမှာ အသုံးပြုခဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီး ဖိအားပေးမှုတွေကို ရခိုင်ပြည်နယ်မှာလည်း အသုံးပြုလာတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဇူလိုင်လအတွင်း သံတွဲ၊ တောင်ကုတ်၊ ဂွနဲ့ ပေါက်တော စတဲ့မြို့နယ် ၄ ခုထက်မနည်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့်လည်း ရခိုင်ပြည်နယ်မှာ အရပ်သား ထိခိုက်သေဆုံးမှုဟာ ဆက်တိုက်မြင့်တက်လာနေတာဖြစ်ပြီး၊ အိုး၊ အိမ် ပျက်စီးမှုဟာလည်း ဆက်တိုက် မြင့်တက်လာနေတာဖြစ်ပါတယ်။











