
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်တွေနဲ့ ဆစ်ဒနီမြို့ရောက် မြန်မာအသိုက်အဝန်းနဲ့ တွေ့ဆုံပွဲကို စက်တင်ဘာ ၂၆ ရက်က ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Auburn Town Hall မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိ SCEF လုပ်ဆောင်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ညှိနှိုင်းတွဲဖက်ဆောင်ရွက်မှုတွေ၊ လက်ရှိ တော်လှန်ရေးကာလအတွင်း SCEF ရဲ့ ဆောင်ရွက်ချက်တွေနဲ့ တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ဘဏ္ဍာငွေ ရှာဖွေရေးနဲ့ ပတ်သက်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၊ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင် ဦးတင်ထွန်းနိုင်ကလည်း SCEF ရဲ့ အနာဂတ် ဆောင်ရွက်မဲ့ ကိစ္စရပ်တွေကို ပြောကြားခဲ့ပြီး မေးမြန်းချက်တွေကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။
SCEF အဖွဲ့ရဲ့ ဒီခရီးစဉ်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ KNU နိုင်ငံခြားရေးဌာန အတွင်းရေးမှူး SCEF နိုင်ငံခြားရေးလုပ်ငန်းအဖွဲ့ဝင် စောနီးမရော့ဒ်၊ KNPP အတွင်းရေးမှူး (၁) ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)မှ SCEF နိုင်ငံခြားရေးလုပ်ငန်းအဖွဲ့ဝင် နဲနယ်ပလိုးနဲ့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်တာ ဖြစ်ပါတယ်။
SCEF ကိုယ်စားလှယ်အဖွဲ့ဟာ စက်တင်ဘာ ၂၇ ရက်မှာ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှ ဒေသခံ မြန်မာတွေနဲ့ ဆက်လက်တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ မဲလ်ဘုန်းဒေသခံတွေထံက သိရပါတယ်။










